"ဟျောင့်တွေ မြန်မြန်လာကွ ရီရီမာအိပ်သွားဦးမယ်"
လရောင်ထိန်ထိန်သာနေသော ညလေးတစ်ညတွင် လူငယ်လေးယောက် အတိအကျပြောရလျှင် ယောကျ်ားလေး နှစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက် ထိုလေးယောက်သည် ထရံအိမ်လေးတစ်အိမ်ရှေ့တွင်ရပ်လိုက်ပြီး ယူလာကြသည့် ခွေးခြေခုံပုလေးကိုချ၍ထိုင်ကြသည်။
"ဟဲ့ ထိပ်တင်မယ်ကြမ်း ခြင်ဆေးထွန်းဟ ခြင်တွေကိုက်နေပြီ"
ထိုလေးယောက်ထဲမှ တစ်ယောက်သည်ပြောလိုက်သည်။ ထိပ်တင်မယ်ကြမ်း တစ်ဖြစ် နှင်းနုသည် သူငယ်ချင်းဖြစ်သူ ချစ်တီး တစ်ဖြစ် ဝိုင်းအုံချစ်၏စကားအတိုင်း မိမိအိမ်မှယူလာသည့် ခြင်ဆေးခွေကိုထွန်းကာ ယူလာသည့်ခြင်ဆေးဇလုံထဲတွင်ထည့်ထားလိုက်သည်။
သူတို့လေးယောက်သည် သူတို့အဖွဲ့ထဲမှ လုံးကြီးတင်ဆန်ခတ် တစ်ဖြစ် ယံကျော်စိန်၏ချစ်ရသူဖြစ်သော ရီရီမာအိမ်ရှေ့တွင်ထိုင်နေကြခြင်းဖြစ်ပြီး သူငယ်ချင်းဖြစ်သူယံကျော်စိန်၏ ချစ်ရသူ ရီရီမာကိုလာပိုးခြင်းအား ကျန်တဲ့သူငယ်ချင်းသုံးယောက်က ကူညီရန်လိုက်လာကြခြင်းဖြစ်သည်။
"ဟျောင့်မင်းဂစ်တာက ဘယ်သူ့ဟာကြီးလဲ"
"အာပူကြီးဟာလေ(ကိုရီးယားလို အဖေ) ငါခိုးလာတာ"
"မင်းတီးရောတီးတတ်လို့လား ချစ်တီး"
"ငါ့များ အထင်သေးလို့ တီးတတ်ပါ့ အာပူကြီးဆီကသင်ထားတာ"
"အဲ့ဆိုလည်းတီးကွာ"
"ဘာသီချင်းလဲ"
"တီးစမ်းပါ လျှာကိုရှည်တယ်"
"ပြီးရောကွာ"
ဝိုင်းအုံချစ်နဲ့ ယံကျော်စိန်ရဲ့စကားဝိုင်းကို စိတ်ပျက်သလိုမျက်နှာတွေနဲ့ စိတ်ပျက်လက်ပျက် ခြေထောက်ကြီးဆင်းပြီးကြည့်နေကြသူမှာ ဖက်ရှင်အိုင်ကွန် တစ်ဖြစ် ရှင်းကြည်သာနဲ့ ထိပ်တင်မယ်ကြမ်းတစ်ဖြစ် နှင်းနုတို့ပဲဖြစ်သည်။
ဝိုင်းအုံချစ်သည် ဂစ်တာကို စတိုင်ကျကျ ရင်ဘတ်၌ပိုက်ပြီး ကြိုးညှိကာ စတင်တီးတော့သည်။
*တောင်*
ဟူသောအသံကြောင့် သုံးယောက်လုံး ဝိုင်းအုံချစ်ဘက်သို့လှည့်ကြည့်လာကြသည်