"ဟဲ့ ဝိုင်းအုံချစ် ထစမ်း!!"
မနက်ချိန်ခါတေးသံသာဆိုသည့်အတိုင်း ဝိုင်းအုံချစ်မိခင်ဖြစ်သူ၏ အသံသည် ဟိန်းထွက်လာခဲ့သည်။
"ညတုန်းက ထန်းတောကနေ မူးရူးပြန်လာပြီး အခုကြ အိပ်နေတာ ဆင်တက်နင်းတောင်နိုးမယ့်ပုံမေပါ်ဘူး"
အမေဖြစ်သူသည်လည်း ကာလနဂါးသေလို့ဝင်စားသလားအောက်မေ့ရတဲ့သားဖြစ်သူကို ကုတင်ဘေးက သတင်းစာကိုလိပ်၍ ဖင်ကို အားဖြင့်လွှဲရိုက်ကာ ညင်ညင်သာသာနှိုးသည်။
*ဖြန်း*
"အမလေးကုလား ငါနဲ့ညား"
အိပ်နေသူချစ်တီးသည် အမေ၏လက်စကြောင့် လန့်၍နိုးကာထထိုင်လေသည်။
"ထစမ်း!! ချစ်တီး ထ မြို့တက်ဖို့အချိန်နောက်ကျတော့မယ်"
"ဟာ အွန်မိုးညှင်းက ဗျာ ဘယ်မြို့ကိုတက်ရမှာတုန်း"
"နင့်ကိုငါမနေ့ညကပြောတယ်လေ မြို့တက်ပြီး ငါ့သူငယ်ချင်းသား ကိုသွားခေါ်ရမယ်ဆိုတာ"
"ပြောလို့လား အွန်မိုးညှင်းရာ ကျုပ်မမှတ်မိပါဘူး"
*ဂွက်*
အမေဖြစ်သူ၏ပြင်းလွန်းသည့်လက်စကြောင့် ခေါင်းတောင်မူးနောက်နောက်ဖြစ်ချင်သွားသည်။ ။
"ဟ အွန်မိုးညှင်း ဘာလို့ကျုပ်ကိုခေါင်းခေါက်တာလဲ"
အခေါက်ခံရသောခေါင်းကိုကိုင်ကာမေးလိုက်သည်။
"အဲ့ထက်ကိုခေါက်ချင်သေးတာ သွား ထ မျက်နှာသစ်ရေချိုးချည် မြို့တက်ပြီး သားထိုက်ကိုသွားခေါ်ခဲ့"
"အမလေး သူများကြ သားထိုက်တဲ့ ကျုပ်ကြခေါ်တာ ချစ်တီးတဲ့ ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရေ"
"ဟဲ့အကောင် စောစောစီးစီးလျှောက်အော်မနေနဲ့ သွားမျက်နှာသစ်ရေချိုးချည်တော့"
ချစ်တီးလည်း မိခင်ဖြစ်သူကို မျက်စောင်းထိုးကာ နှာမှုတ်ပြီး ဆောင့်ဆောင့်အောင့်အောင့်ဖြင့် အိပ်ခန်းထဲမှထွက်ကာ အောက်ထပ်ဆင်းသွားလေသည်။ မိခင်ဖြစ်သူသည်လည်း ထွက်သွားသောသားဖြစ်သူကိုကြည့်ပြီး ပြုံးတုံ့တုံ့ဖြင့်ခေါင်းခါကာ သူ့သားအိပ်ရာကိုသိမ်းပေးနေသည်။