"ဝိုင်းဝိုင်း သားငပိရည်နဲ့ထမင်းစားလို့မရဘူးလားဟင်"
"မရဘူးလို့ဆို"
မနက်စောစောဆေးရုံခန်းတွင် ဆူအောင့်အောင့်အသံနှစ်ခုထွက်လာခဲ့သည်။ ထိုအသံကတော့ ခွဲစိတ်ထားသည့် ပြူးပြူးက ငပိရည်နဲ့ထမင်းစားချင်သည်ဆိုသောကြောင့် ချစ်တီးကမရဘူးဟုပြောနေခြင်းပင်ဖြစ်သည်။
ချစ်တီးကအလိုမလိုက်သောကြောင့် ပြူးပြူးသည်စိတ်ကောက်ကာ တစ်ဖက်သို့လှည့်သွားသည်။ တစ်ရွာလုံးတွင်ချစ်တီးတို့အဖွဲ့ကိုနိုင်စားတာဆိုလို့ တစ်မိုးအောက်တစ်ယောက်အမောင်ပြူးပြူးပဲရှိလေသည်။
ပြူးပြူးသည် မွေးကင်းစလေးကတည်းက မိဘမရှိတော့သည်မို့ ဘွားအေနှင့်သာနေရသည်။ အဘွားဖြစ်သူသည်လည်းစားဝတ်နေရေးအတွက် လှည့်ပတ်ရှာဖွေနေရသည်မို့ ဘွားအေဖြစ်သူက ကလေးချစ်တတ်သည့် ချစ်တီးအမေထံအကူညီတောင်းကာ ထားခဲ့ရသည်။ ပြူးပြူးလေးသည် ချစ်တီးတို့လက်ပေါ်တွင်ကြီးပြင်းလာသည်မို့ ချစ်တီးတို့အဖွဲ့၏ အချစ်ခံရဆုံးကလေးလည်းဖြစ်သည်။
"အလိုမလိုက်ဘူးနော် ပြူးပြူး"
"ဟွန့်"
ထိုမြင်ကွင်းကို ပြူးပြူးလေးအား ခွဲစိတ်ဒဏ်ရာအခြေအနေလာကြည့်သည့် ရဲစွမ်းမင်းထိုက်သည် တံခါးအဝ၌ရပ်၍ကြည့်နေလေသည်။ နှုတ်ခမ်းထောင့်စွန်းကအနည်းငယ်ကော့တက်နေသည်ကိုတော့ ကာယကံရှင်ကိုယ်တိုင်တောင်သတိထားမိသည်မဟုတ်ပါ။
"ပြူးပြူးလေး သားက အစာမာတွေစားလို့မရသေးဘူးလေ"
ချစ်တီးနဲ့ပြူးပြူးသည် အသံကြောင့်တံခါးဝသို့လှည့်ကြည့်ကြသည်။
"ကိုကို့ကလေးကို ကိုကိုဘာသာပဲပြောတော့ စားလို့မရပါဘူးဆိုနေတာကို ငပိရည်နဲ့ထမင်းပဲစားမယ်ပြောနေတာ"
ချစ်တီးသည် ပြူးပြူးအားပြောမရသည့်အဆုံး ကယ်တင်ရှင်ရဲစွမ်းမင်းထိုက်နဲ့လွှတ်ထားခဲ့ကာ ထိုအခန်းထဲမှဆောင့်ကြီးအောင့်ကြီးထွက်သွားလေသည်။ ရဲစွမ်းမင်းထိုက်သည် ချစ်တီး၏ကလေးဆန်ပုံကိုကြည့်ကာခိုးရယ်မိသည်။