ချစ်တီးတို့ သီချင်းဆိုပြီးအိမ်ပြန်ရောက်သည့်အချိန်သည် ညနေ ၅ နာရီပင်ကျော်နေလေပြီ။ ချစ်တီးတို့လေးယောက်လုံးရေမိုးချိုးပြီးတော့ လမ်းထိပ်ကအကင်ဆိုင်မှာအကင်စားဖို့ထွက်လာခဲ့သည်။
"ဦးလေးအကင်စုံတစ်ပွဲ ထမင်းလေးပွဲနဲ့ ရေတစ်ဘူးချပေးဗျို့"
ချစ်တီးတို့ စားဖို့မှာပြီး စားပွဲတစ်ခုတွင်ဝင်ထိုင်လိုက်သည်။ လမ်းဘေးဆိုင်လေးဖြစ်သည့်အတွက် ကားသံဆိုင်ကယ်သံများဖြင့်ဆူညံနေသည်။
"ဟဲ့ငါလေ အွန်မိုညှင်းအတွက်အပြန်လက်ဆောင် လင်ယူသွားရင်ကောင်းမလား"
ရုပ်တည်ကြီးနဲ့ လမ်းမကြီးကိုကြည့်ကာ အတည်ပေါက်နဲ့မေးလာသည့် ချစ်တီးစကားကို သုံးယောက်လုံးအလန့်တကြားလှည့်ကြည့်သည်။
"နင်အတည်ကြီး ကိုရဲကိုချစ်နေတာလား"
"အေး ငါသူ့ကိုမြင်ရင်တွေတလှပ်လှပ်နဲ့"
ချစ်တီးသည် ရှင်းကြည်သာတို့ဘက်ကိုစကားလှည့်ပြောပြီးလမ်းမဘက်ပြန်အကြည့် သူတို့ရှေ့ကနေကားတစ်စီးဖြတ်သွားသည်ကိုတွေ့လိုက်ရသည်။ ချစ်တီးရင်ထဲ ကြေးစည်တီးလိုက်သလို ဒိန်းခနဲအသံမြည်သွားသည်။ ထိုကားထဲတွင် ရဲစွမ်းမင်းထိုက်သည် အမျိုးသမီးတစ်ဦးနဲ့အတူ ရယ်ရယ်မောမောစကားပြောနေကြသည်။
ရှင်းကြည်သာတို့ ၃ ယောက်သည် စကားပြောရင်းတန်းလန်းငြိမ်သွားသည့် ချစ်တီးကိုကြည့်လိုက်ရာ မျက်မှောင်ကြုပ်ကာတစ်ခုခုကိုတွေးတောနေသည်ဟန်ကိုမြင်လိုက်ရသည်။
"ဟဲ့ဘာဖြစ်နေတာလဲ"
နုင်းနုသည် ချစ်တီး၏လက်မောင်းကိုလှုပ်ကာမေးလိုက်သည်။ ချစ်တီးသည် ဘယ်ကတည်းကဝဲနေသည်မသိတဲ့မျက်ရည်စတွေနဲ့ မော့ကြည့်လာသောကြောင့် နုင်းနုတို့ ၃ ယောက်လုံးအလန့်တကြားဖြစ်သွားသည်။
"ဟဲ့ဟဲ့ ဘာဖြစ်လို့လဲ ဘယ်နားနာလို့လဲ ဘာလို့မျက်ရည်တွေဝဲနေတာလဲ"
"ငါ..ငါ ကိုကို့ကို မိန်းမတစ်ယောက်နဲ့တွေ့လိုက်တယ် ကား..ကားပေါ်မှာရယ်ရယ်မောမောနဲ့"