ဝိုင်းအုံချစ်တို့လေးယောက်စီးလာသည့်ဆိုက်ကားသည် မိန်းလမ်းမကြီးပေါ်သို့ရောက်လာခဲ့ပြီး ဆိုက်ကားသမားသည် ထိုးနေကြဂိတ်မှာရပ်လိုက်သည်။
ဆိုက်ကားပေါ်ကလေးယောက်ဆင်းလာသည်နှင့် သူတို့လေးယောက်ကို ဆိုက်ကားဂိတ်ကလူတွေကရော အဲ့နားတစ်ဝိုက်စားသောက်ဆိုင်ကလူတွေကရော သူတို့ကိုလှည့်ကြည့်လှည့်ကြည့်လုပ်၍ ကြိတ်ရယ်နေကြသည်။ မရယ်ရိုးလား။ လေးယောက်လုံး၏ဖက်ရှင်တွေက ကမ္ဘာကျော်နိုင်သည်ကိုး။ ချစ်တီးတို့ကလည်း သူတို့ကိုကြည့်လာသမျှကိုသိသော်လည်း မသိချင်ယောင်ဆောင်ကာ ခေါင်းမော့ရင်ကော့နေကြသည်။
"ဟျောင့်တွေ လူတွေကဘာလို့ငါတို့ကိုကြည့်နေကြတာလဲ"
ယံကျော်စိန်၏အမေးကို ချစ်တီးက
"ချောလို့ကြည့်တာနေမှာပေါ့ ကြည့်ကြပါစေ"
ကွန်ဖီးဒန့်ကမိုးထိုးနေသဖြင့် ချစ်တီးသည် ပတ်ထားသည့် မာဖလာကိုပြန်ဖြုတ်၍ ပဲများကာပြန်ပြင်ပတ်လိုက်သည်။
"ဟျောင့်ချစ်တီး မင်းအွန်မိုးညှင်းအသိက လာကြိုမှာလား ငါတို့ဘာသာသွားရမှာလား"
"အေး အွန်မိုးညှင်းအသိသားကလာကြိုမယ်ပြောတယ် အင်္ကျီလက်ရှည်နီညိုရောင်နဲ့ ပုဆိုးအမဲအကွက်ဝတ်ထားတဲ့လူကိုရှာတဲ့ သူလာကြိုမှာတဲ့"
ချစ်တီးအပြောကြောင့် လေးယောက်လုံး ဟိုကြည့်ဒီကြည့်ရှာကြည့်လိုက်ရာ လမ်းတစ်ဖက်ခြမ်း ရှေ့တည့်တည့်တွင် ရပ်ကာဖုန်းပြောနေသည့် ခန့်ညားသောအမျိုးသားတစ်ဦးကို ရှင်းကြည်သာမြင်လေသည်။
"ဟဲ့ဟိုတစ်ယောက်ထင်တယ်"
ရှင်းကြည်သာပြသည့်တစ်ယောက်ကို ကြည့်လိုက်ရာ ချစ်တီးတစ်ယောက် ရင်ဘတ်ထဲကုလားဘုရားပွဲလှည့်သွားသလိုခံစားလိုက်ရသည်။ ဦးနှောက်ဘေးတွင်လည်း အသဲပုံလေးတွေ ဝိုင်းပြီးလှည့်ပတ်နေသလိုပင်။
"ချောလိုက်တာဟဲ့"
ချစ်တီးအသံကြောင့် ရှင်းကြည်သာတို့သုံးယောက် ချစ်တီးကိုလှည့်ကြည့်ရာ ရှေ့တည့်တည့်ကအမျိုးသားကို လူယုတ်မာပြုံးနဲ့မလှပ်မယှက်ကြည့်နေသည့် ချစ်တီးကိုတွေ့လိုက်ရသည်။