353 41 1
                                    

ထန်းပင်ကုန်းရွာ...။

နာမည်နဲ့လိုက်အောင် ရွာအဝင်မှာတည်းက ထန်းတောညို့ညို့များက အုပ်ဆိုင်းဖြာနေလျက်။

အလှူအိမ် ဓာတ်စက်သံမှဖွင့်သော အလှူ့ဆိုင်းသံက ရွာထဲဝင်လိုက်တာနဲ့ ကြားရတာ မြိုင်မြိုင်ဆိုင်ဆိုင်...။

ရွာထဲမှာ အလှူအိမ်ဘယ်နားရှိသလဲ လိုက်ရှာစရာမလို...။ အလှူ့ဗျောစည်သံကြားရာနောက် လိုက်သွားရင်တောင် တန်းရောက်နိုင်သလို တစ်ရွာလုံး မီးခိုးတိတ် ထမင်းရည်ချောင်းစီး လှူတာမို့ ရွာထဲကလူတိုင်းရဲ့ ဦးတည်ရာက အလှူအိမ်ဆီသို့သာ...။

အလှူအိမ်သည် ရွာလယ်တည့်တည့်မှာ တည်ရှိလေသည်။ သဲဖြူ ရာဇမတ်ခင်းထားသည့် အလှူမဏ္ဍပ်ကြီးက ဟီးထနေပြီး အလှူရှင်များသည် အရပ်လေးမျက်နှာမှ ရောက်လာသူအပေါင်းအား တစ်ယောက်မကျန်စေရအောင် ဧည့်ခံနေကြသည်။

ထမင်းကျွေးမွေးသည့် မဏ္ဍပ်က မျက်နှာချင်းဆိုင်မှာ အယုတ်၊အလတ်၊အမြတ်မရွေး ခေါ်ကျွေးနေကြ၏...။ အလှူတွင် ချမ်းသာ၊ဆင်းရဲမရွေး မစားလိုက်ရသည့်လူဟူ၍ မရှိစေရ။ ဒါသည် ဘာပကာသနမှ ခြယ်သထားခြင်းမရှိသော တောအလှူသာ...။

'ရွာအလှူ တစ်မူကဲ သားရှင်ပြုအလှူပွဲဝယ်...' စသည့် ဂန္တဝင်အလှူမင်္ဂလာတေးများကို ရွာနီးချင်း ဒိုးဝိုင်းများနဲ့ ရွာထဲက ဝါသနာပါသူ အဆိုကောင်း၊ အကကောင်းများက မမောတမ်း ဆိုနေ၊ကနေ၊ တီးနေကြပေသည်။ လယ်ယာများသိမ်းချိန်မို့ ရွာသူရွာသားများတွင် နောက်ဆံတင်းစရာ အလုပ်များရှိမနေဘဲ ဒီချိန်ကျင်းပသည့် ရွာအလှူ၊ ဘုရားပွဲများတွင် စိတ်လွတ်ကိုယ်လွတ်သာ ပျော်ကြ၊ရွှင်ကြသည်။

🎼သားရှင်ပြုအလှူပွဲဝယ်၊ ပီတိတွေကဲ ရင်ထဲမယ်

နိဗ္ဗာန်ကိုရည်မှန်းလို့သာ၊ ဒါနမှန်ပေတယ်

ထမင်းရည်ချောင်းစီး၊ မောင်းတီးလို့သာ

အရပ်လေးမျက်နှာ၊ ကျွေးမွေးရန်ကွယ်

နိဗ္ဗာနပစ္စယော ဟောတုကွယ်🎼🎼🎼

အဆိုကောင်းလှသလို ဆိုင်းသံကညံ၏။ ဒိုးသံကသာ၏။ ဗျောသံကစည်၏။ ကြားရသူအပေါင်း ဝင်ကချင်စဖွယ် မြူးကြွမြိုင်ဆိုင်လှ၏။

မေတ္တာနုနုစေလိုသူWhere stories live. Discover now