၁၁

365 39 0
                                    


"အမေ ကျုပ်ကို တိုင်ပင်ဖို့ကောင်းရဲ့....။ ဒီလိုကိစ္စမျိုးကို ကျုပ်ကိုအသိမပေးဘဲ အနားနီးတော့မှ တန်းပေးစားချင်နေတာလား..."

"ညည်းဘထွေးတို့လာရင် ညည်းကို တိုင်ပင်အသိပေးကြမှာပါအေ...။ ညည်းဘထွေးကလည်း ကောင်လေးကို ကြည့်ရှုအကဲခတ်ချင်သေးတယ်ဆိုလို့ ကျုပ်တို့က ညည်းကိုဘာမှမပြောသေးဘဲနေတာပါ့...."

"ဪ ကျုပ်နဲ့ယူမယ့်လူကို ကျုပ်ကဘာမှမသိရဘဲ အမေတို့ လူကြီးတွေ ကြည့်ရှုသဘောကျတာနဲ့ တန်းယူရပေမပေါ့....။ ကျလည်းကျပါ့ အမေရာ...."

"ဟဲ့ လူကြီးတွေက တော်တယ် ကောင်းတယ်ထင်လို့ ပေးစားမှာကို ညည်းက ဘာသဘောမကျစရာရှိတုန်း....။ ကောင်လေးကလည်း ညည်းနဲ့ဂုဏ်တူ ပညာတူ လူချောလူသန့်လေးကိုအေ...။ ညည်းတို့ချင်းလည်း အထိုက်အလျောက် ရင်းနှီးနေစရှိတာကို...။ ဒီလိုလူနဲ့ပေးစားတာ ညည်းက ဘယ့်နှယ့် ဆွေ့ဆွေ့ခုန်နေသတုန်း..."

"ဟာ အဆင့်တူ ဂုဏ်တူဆိုတာနဲ့ဘဲ ကျုပ်က ထကနေရမှာလား အမေရ.....။ သူနဲ့ ဘယ်တုန်းကမှလည်း မရင်းနှီးဘူး....။ အနေသာကြီး... ကျုပ်တစ်သက်လုံး အမေတို့ စီစဥ်သမျှ ခေါင်းညိတ်နာခံခဲ့တာ...။ ဒီကိစ္စကိုတော့ ကျုပ်လုံးဝလက်မခံနိုင်ဘူး....။ ကျုပ်မချစ်တဲ့သူနဲ့ မယူနိုင်ဘူး...."

"နို့ သည်လောက် အကြောက်အကန်ငြင်းနေရအောင် ညည်းကချစ်သူရှိလို့လား....။ ရှိရင် ညည်းချစ်သူက ဘယ်သူတုန်း...ဘယ်ကတုန်း ငါ့ ပြောကြည့်စမ်း..."

"ကျုပ်ချစ်သူက သက်ဝေ...."

စိတ်ထက်မြန်တဲ့ ပါးစပ်က လွှတ်ခနဲ ထွက်သွားတာကို ဘုန်းရောင် ဖမ်းမမိလိုက်....။ အမေ့ရဲ့ အံ့ဩမှင်သက်သွားရာကနေ ဒေါသလွှမ်းလာသော အကြည့်များကိုမြင်မှ ပြောမိတာ မှားပြီဟူ၍ နောင်တစိတ်လေး တစ်ချက်ဝင်၏။

သို့ပေမဲ့ ဘာဖြစ်သလဲလေ....။ အနှေးနှင့်အမြန် အမေသိသင့်တဲ့ ကိစ္စပေဘဲလေ....။ သူ သက်ဝေကို လူမသိလူမသိ မချစ်နိုင်ပေ...။

"ဘာ..."

ကြားလိုက်ရတဲ့စကားကို နားကြားမှားလေသလားဟု ဒေါ်လှရင် သေချာအောင် ပြန်မေးယူမိ၏။

မေတ္တာနုနုစေလိုသူWhere stories live. Discover now