335 37 0
                                    

နွေညနေရဲ့ လေရူးက တသုန်သုန်တိုက်ခတ်ကာ မလေးရှားပိတောက်ရနံ့တို့အား ဆောင်ယူလာ၏။ လေရူးတစ်ချက်ဝေ့လေတိုင်း ပန်းမှုန်ဝါဝါများက ပန်းမိုးရွာသကဲ့သို့ မြေပြင်ပေါ်သို့ တဖွဲဖွဲ ကြွေကျလာသည်...။

ခြံထဲမှာ ရွှေမှုံကြဲထားသည့်သဖွယ် ဖြစ်နေသော ပန်းမှုံများနဲ့ ရွက်ဝါကြွေများက နွေရဲ့ပြယုဂ်ကို ပီပီပြင်ပြင် ဖော်ဆောင်နေကြ၏။

"မလေး....ဟိုအစ်မလေး သတိရလာပြီ..."

"အေး..."

ပန်းညိုက ပြောပြီးတာနဲ့ ထွက်သွား၏။

ဘုန်းရောင်လည်း ဝရံတာမှာ ထိုင်ငေးနေရာမှထကာ သူမအခန်းကို လျှောက်သွားလိုက်သည်။

အခန်းထဲရောက်တော့ သူမက အိပ်ယာပေါ်လှဲမနေတော့ဘဲ ထထိုင်နေပြီး မျက်လုံးဝိုင်းလေးများနဲ့ ဟိုဟိုဒီဒီ လျှောက်ကြည့်နေ၏။

"မင်း နေသာရဲ့လား...။ ခြေထောက်ရော နာနေသေးလား...."

ဘုန်းရောင်ကိုမြင်တော့မှ စိတ်အေးသွားဟန်ရှိသော သူမက ခေါင်းယမ်းပြလာသည်။

"သက်ဝေ နေသာပါတယ်...။ ခြေထောက်လည်းမနာဘူး....။ ဘယ်ချိန်ရှိနေပြီလဲဟင်..."

"ညနေတောင်စောင်းပေါ့....။ မနက်တုန်းက မင်း အဖျားကြီးနေလို့ ဆေးဆရာပင့်လိုက်ရတယ်....။ မှတ်မိရဲ့လား..."

သူမ ခေါင်းညိတ်ပြလာ၏။

"ဟုတ်ကဲ့..."

"ဆေးဆရာပေးတဲ့ ဆေးသောက်ပြီးထဲက မင်း ထပ်အိပ်ပျော်သွားတာပဲ....။ အင်း....ကိုယ်ပူတော့ ကျသွားပါပြီ....။ ဒါပေမယ့် ဒီညနေ ထမင်းစားလို့မရသေးဘူး....။ဆန်ပြုတ်ပဲသောက်ပြီး ဆေးသောက်ရမယ်...."

သူမနဖူးလေးကို စမ်းကာ ဘုန်းရောင်ပြောလိုက်တော့ သူမက အားတုံ့အားနာဟန်လေးနဲ့ ပြောလာသည်။

"ရှင့်ကို သက်ဝေ ဒုက္ခပေးမိပြန်ပြီ..."

"အမိကို ကျုပ်တာဝန်ယူပြီး ခေါ်ခဲ့တာပဲ....။ ဒီလိုပြောစရာမလိုပါဘူး..."

"ကျွန်မကို သက်ဝေလို့ ခေါ်နိုင်ပါတယ်....နာမည်အရင်းက ယဥ်နှောင်းသက်ဝေပါ...."

မေတ္တာနုနုစေလိုသူWhere stories live. Discover now