512 48 0
                                    


နေထွက်လာချိန်မှာ ရွာဦးကျောင်းကနေ ပိဏ္ဍပါတ်ဆွမ်းခံထွက်မယ့် ကြေးစည်သံ တနောင်နောင်ထွက်ပေါ်လာသည်။ ပွင့်သစ်စနေရောင်အောက်မှာ ကြည်ညိုဖွယ်ရာ ရောင်ဝါ‌သင်္ကန်းခြုံလွှမ်းလျက် သပိတ်ပိုက်ကာ ဆွမ်းခံကြွမယ့် သံဃာတော်များက ကျောင်းမုခ်ဦးကနေ တန်းစီလို့ ရွာထဲသို့ အစဥ်လိုက် ကြွချီတော်မူကြလေပြီ....။

ရွာထဲက အိမ်တိုင်း၏ အိမ်ရှေ့တွေမှာ ဆွမ်းအုပ်နီနီလေးများ ကိုယ်စီပိုက်လျက် သံဃာတော်တို့ရဲ့ မနက်ဆွမ်းအတွက် တစ်ဇွန်း၊ တစ်ယောင်းမ တတ်နိုင်သမျှ လောင်းလှူကုသိုလ်ယူကြ၏။ တစ်ချို့အိမ်တွေက အမယ်အိုတွေက ဆွမ်းထွက်လောင်းပြီး တစ်ချို့အိမ်တွေကျ ကလေး၊ လူကြီး အရွယ်မျိုးစုံ အားတဲ့လူက ထွက်လောင်းကြသည်။

ကြေးစည်သံတနောင်နောင်က တမာတော ရွာလေးထဲ အေးချမ်းဖွယ် လွင့်ပျံဝေနေလျက်....။

"သူဇာရေ့ ဆွမ်းခံ အိမ်ရှေ့ကြွလာတော့မယ်ဟေ့..."

"လာပြီတော့ ကိုကြီးငဘုန်း....။ ကျုပ်ကို ဆွမ်းဟင်းလေး လာကူသယ်ပါအုံးတော့...."

အပြင်က ကိုကြီးငဘုန်းကို လှမ်းအော်ရင်း အသင့်ပြင်ထားတဲ့ ဆွမ်းအုပ်အား သူဇာပွေ့ပိုက်လိုက်တော့ ဆွမ်းဟင်းထည့်ထားတဲ့ ငွေလင်ဗန်းအား မ ယူလိုက်တဲ့ လက်တစ်စုံ....။

"အယ် မမသက်ဝေ....။ မနိုးသေးဘူး ထင်တာတော့..."

သနပ်ခါးရေကျဲ ပါးပါးပွတ်ထားတဲ့ အေးချမ်းတဲ့မျက်နှာလေးက နှစ်ခြိုက်စွာ ပြုံးပြလာရင်း..

"သက်ဝေ အစောကြီးတည်းကနိုးနေတာပါ...။ သူဇာ့ကို ဆွမ်းကူလောင်းပါရစေ...."

"ကောင်းတာပေါ့....။ ဒီမှာ သူဇာတစ်ယောက်တည်း မနိုင်မနင်း ဖြစ်နေတာတော့...။ မထွေးငယ်တို့က သူတို့အလုပ်နဲ့သူတို့ရှုပ်နေတာ...."

တစ်ယောက်က ဆွမ်းအုပ်သယ်ကာ တစ်ယောက်က ဆွမ်းဟင်းသယ်လာပြီး ထွက်လာကြတော့ အိမ်ရှေ့အပေါက်ဝမှာ ဘုန်းမောင်နဲ့ တန်းတိုး၏။

သက်ဝေကိုတွေ့တော့ ဘုန်းမောင်ရဲ့ ခန့်ညားလှတဲ့ မျက်နှာမှာ အံ့ဩဟန်တစ်ချက်ပြေးသွားပြီး ဖော်ဖော်ရွေရွေ အပြုံးတစ်ခုထွက်ပေါ်လာသည်။

မေတ္တာနုနုစေလိုသူWhere stories live. Discover now