တုံ...တုံ...တုံ။
အရုဏ်ကျင်းချိန် ရွာဦးကျောင်း၏ တုံးခေါက်သံသာသာက အိပ်မောကျနေသော တမာတောရွာကလေးအား လှုပ်နှိုးလိုက်ချေ၏။
အူး..အူး..ဝူး.။
တုံးခေါက်သံနဲ့အတူ ကျောင်းဝိုင်းထဲက ခွေးများ၏ ဆွဲဆွဲငင်ငင် အူသံများလည်း ထွက်ပေါ်လာလျက်။
တုံးခေါက်သံဆုံးသွားသည်နဲ့ ရွာဦးထိပ်က ဓမ္မာရုံမှာ တပ်ဆင်ထားတဲ့ ဓာတ်စက်ဟောင်းကြီးထံမှ တရှဲရှဲမြည်လာသည်။ ထို့နောက် ကပ္ပိယကြီး နေ့စဉ်ဖွင့်နေကျ ရွာဦးကျောင်းဆရာတော် ဦးဝိမလ အသံသွင်းထားတဲ့ မေတ္တာပို့၊ ပဌာန်းတရားသံအေးအေးက နိုးထခါစ ရွာငယ်လေးအား လွှမ်းခြုံသွား၏။
ဆရာတော်ရဲ့ တပည့်ဒါယကာတစ်ယောက်က မြို့မှာ အသံသွင်းစတူဒီယိုပိုင်တာမို့ ဆရာတော် မြို့သွားတုန်းက ဟောကြားခဲ့တဲ့ အနှီတရားခွေအား ရွာအတွက်လည်း လက်ဆောင်ပေးလိုက်တာပင်....။ ကြည်ညိုဖွယ်ကောင်းလှတဲ့ ဆရာတော်ရဲ့ တရားသံအား ရွာသူရွာသားတွေက အထူးနှစ်သက်လှတာမို့ ကပ္ပိယကြီးအား နေ့တိုင်းဖွင့်ပေးဖို့ တောင်းဆိုထားကြတာ ဖြစ်သည်။
အေးချမ်းကျက်သရေရှိလှတဲ့ အရုဏ်တတ်မနက်ခင်းမှာ သက်ကြီးရွယ်အိုများက ဆရာတော်တရားသံအား နာကြားနေပြီး လူငယ်၊လူရွယ်များက လုပ်စရာရှိတာကို အတတ်နိုင်ဆုံး ညင်သာစွာ လုပ်ဆောင်နေကြသည်။ ရောင်နီပျို့လာသည်နဲ့ ဆရာတော်ရဲ့တရားသံ ပြီးဆုံးသွား၏။
လယ်ထဲ၊ကိုင်းထဲ ဆင်းသူများ ဆင်းသွားကြပြီဖြစ်သလို ရွာဦးကျောင်းက ရှင်ရဟန်းများအတွက် ပိဏ္ဍပါတ်ဆွမ်းလောင်းမီအောင် ပြင်ဆင်နေကြသူများကလည်း အိမ်မှာ လက်လည်မနေ။
မနက်ခင်း နှင်းမြူဆိုင်များအား နေရောင်ပျပျ ထိုးဖောက်လာချိန်မှာ ပြန့်ပြန့်ပြူးပြူး ရွာလယ်လမ်းမထဲ သားသည်၊ ငါးသည်၊ ဖားသည် မုန့်သည်များက အသံတစာစာပြုလျက် အလျှိုအလျှို သွားလာရောင်းချနေကြ၏။ အိမ်ခြေ ၅၀၀ကျော်မျှသာ ရှိသော တမာတောရွာငယ်လေးမှာ ရွာစျေးရယ်လို့ သီးသန့်ရှိမနေပါ...။ ကိုယ့်ရွာထဲက စျေးသည်တွေနဲ့ ဟိုဘက်ရွာ ဒီဘက်ရွာမှ လာရောင်းကြတဲ့ စျေးသည်ပေါင်းစုံရှိနေတာကြောင့် စားစရာ၊သောက်စရာက ပေါများလှပေသည်။

YOU ARE READING
မေတ္တာနုနုစေလိုသူ
Romanceမောင့်မေတ္တာရိပ်အောက်မှာ မောင့်သက်ဝေတစ်ဘဝလုံး နွေးစေ အေးစေကွယ်.... Note _ စိတ်ကူးယဉ်ဇာတ်လမ်းမို့ လက်တွေ့ကအချက်အလက်များနဲ့ ကွဲပြားမှုရှိနိုင်ပါသည်။