1.3K 89 2
                                    

ထမင်းစားပွဲပေါ်က ဟင်းအမယ်များက စုံလင်လွန်းလှချေ၏။ လက်နဲ့မစားရတာကြာနေပြီဖြစ်ပေမယ့် ဘုန်းရောင်တို့ မိသားစုထမင်းဝိုင်းမှာ ဘယ်သူ့ကိုမှ ဇွန်းကိုင်ခွင့်မပြုပါလေ...။

"စား သမီး...ဒါက သမီးအကြိုက် ပုစွန်ချဥ်သုပ်ကလေး..."

ငရုတ်သီးစိမ်းများများ၊ ရှောက်ရွက်မွှေးမွှေးလေးနဲ့ ပုစွန်ချဉ်သုပ်က အစပ်အဟပ်တည့်တည့် ချဥ်ငံစပ်လေးပင်...။ မစားရတာကြာပြီမို့ အတော်လေးခံတွင်းလိုက်ပါ၏။

မြေအိုးနဲ့သေချာနှပ်ထားတဲ့ အမဲသားနှပ်က ချင်းနံ့ခပ်သင်းသင်းနဲ့ နူးနူးအိအိ။ ငါးသလောက် အချိုနှပ်က အရိုးတွေထိ နူးညံ့နေပြီး ငါးအသားကလည်း ကြက်သွန်နီဆီချက်လေးနဲ့ထွေနေပြီး မွှေးမွှေးချိုချို...။

မြေပဲဆံနိုင်းချင်းနဲ့ မန်ကျည်းရွက်သုပ်ရယ်၊ ကင်မွန်းချဥ်ရွက်နုနုကလေးတွေကို ပုဇွန်ခြောက်ခပ်ထားတဲ့ ဟင်းချိုက အအီပြေ လိုက်ဖက်နေ၏။ ငါးရံ့မီးဖုတ်တစ်ကောင်လုံး ထည့်ဖျော်ထားတဲ့ ငါးပိရည်ပန်းကန်လုံးကြီးက အထည်ဝါဆုံးဖြစ်ကာ သရက်ကင်း၊ ရှောက်ရွက်၊ ချဥ်ဖတ်၊ သခွားသီး၊ ပဲညွန့်ပြုတ်၊ ကန်စွန်းရွက်ချဥ်ပြုတ် စုံလင်နေသည့် တို့စရာဗန်းကြီးကလည်း မျက်နှာမငယ်စေရ။

"သမီး ဘထွေးတို့ရော နေကောင်းကြလိမ့်မဟုတ်လား...."

ထမင်းစားတာနဲ့ မိသားစုစကားဝိုင်းကို အဘကပဲ အမြဲအစပျိုးတတ်၏။ အိမ်ကလူတွေက တစ်နေ့လုံး အလုပ်ကိုယ်စီနဲ့မို့ နေ့ဘက် ထမင်းစားချိန်တွေ မတိုက်တာရှိစေတော့...။ ညဘက်ထမင်းဝိုင်းမှာတော့ လူစုံရှိစေဖို့က အဘရဲ့စည်းကမ်းတစ်ခု....။

ထမင်းဝိုင်းမှာ သားသမီးတွေပြောချင်တာ၊ ဖြစ်ချင်တာကို အဘနဲ့အမေက အရင်နားထောင်ပေးလေ့ရှိပြီး ဘုန်းရောင်တို့မောင်နှမတွေ ပြောပြီးတဲ့အလှည့်ပြီးရင်တော့ အဘရဲ့ဆုံးမစကားတွေကို အချိုပွဲဝိုင်းပြီးတဲ့ထိ နားထောင်ရပေမည်။

ဒီနေ့ကတော့ နှစ်တွေအများကြီးကြာမှ အိမ်ပြန်ရောက်လာတဲ့ သမီးလတ်ကလေးရဲ့ အထူးနေ့မို့ ထမင်းဝိုင်းနဲ့ အချိုပွဲဝိုင်းရဲ့ အဓိကဇာတ်လိုက်က ဘုန်းရောင်ပဲဖြစ်သည်။

မေတ္တာနုနုစေလိုသူ (Complete)Donde viven las historias. Descúbrelo ahora