နေညိုလို့ တိမ်တောက်တဲ့အချိန်သို့ ရောက်လာလေပြီ...။ဘုန်းရောင်တို့ နှစ်ယောက်သား နေ့လယ်ကတည်းက လျှောက်လာလိုက်တာ ရွာစည်းရိုးတစ်ခုတော့ ပျပျမြင်ရချေပြီ....။ ထန်းပင်ကုန်းကို သူမက မပြန်ရဲတာမို့ ရှေ့ဆက်ရွာတစ်ရွာရောက်အောင် အရင်သွားပြီးမှ ထိုရွာကနေ တမာတောဆီ လှည်းငှားပြန်ကြဖို့ တိုင်ပင်ကာ ထွက်လာခဲ့ကြတာပင်....။
တိုင်ပင်တုန်းကတော့ တွက်ရေးက စက်သူဌေးပင်....။ လက်တွေ့ကျမှ မရောက်တာကြာလို့ လမ်းမသိတော့တဲ့သူနဲ့ ရှေ့နောက်တောင်မြောက်ကိုတောင် နေလုံးမော့ကြည့်နေရသူ နှစ်ယောက်မှာ ရွာတစ်ရွာရောက်ဖို့အရေး နေစောင်းသွားသည်ထိ လျှောက်လိုက်ရသည်။
"အမိ လျှောက်နိုင်သေးရဲ့လား..."
ဘုန်းရောင် မေးလိုက်တော့ မဆိုင်းမတွပင် သူမ ခေါင်းညိတ်ပြလာ၏။
ငုံ့ကြည့်မိလိုက်တဲ့ သူမ ဖဝါးနုနုမှာ သွေးခြေဥရုံမက ပြတ်ရှပွန်းပဲ့နေလေပြီ...။ဘုန်းရောင် ခြေဖဝါးသည်လည်း မထူးခြားနားပါပေ...။
ပြေးလွှားရ၊ ရေနစ်ရနဲ့ နှစ်ယောက်လုံးရဲ့ ဖိနပ်တွေက ဘယ်ချိန်ထဲက ကျွတ်ကျန်ခဲ့လို့ ဘယ်ရောက်ဘယ်ပေါက်ကုန်ပြီမှန်းတောင်မသိ...။
နဖူးဆံယဥ်စတို့မှာ ချွေးတို့စို့နေပေမယ့် သူမမျက်နှာလေးက ပင်ပန်းနွမ်းလျဟန်မရှိ....။
ကြည်လင်သော မျက်ဝန်းနက်နက်လေးများက အားမာန်အပြည့်နဲ့ တောက်ပနေသေး၏။
"ရပါတယ်...။ သက်ဝေ လျှောက်နိုင်ပါတယ်...."
"ဘယ့်နှယ့်ရတာလဲ...။ အမိခြေထောက်က သွေးတွေထွက်နေပြီ..."
သည်တော့မှ သူမခြေထောက်ကို ငုံ့ကြည့်ပြီး ဘုန်းရောင်ခြေထောက်ဆီလည်း မျက်လုံးလေး ရွှေ့ကြည့်၏။
"ရှင့်ခြေထောက်လည်း သွေးတွေစို့နေတာပဲလေ..."
ဖြစ်ရလေ...။ သူကတောင် ဒဏ်ရာချင်းလာတိုင်းနေသေး။
" ကျုပ်က ဖိနပ်မပါဘဲ လျှောက်တာကြာသွားလို့ သွေးခြေဥရုံ...။ အမိက လမ်းသွားတာလည်း ဟိုငေးဒီမော့နဲ့ ခဏခဏ ခလုတ်တိုက်နေလို့ ကွဲပြဲဖူးယောင်နေတာရောလေ...."
YOU ARE READING
မေတ္တာနုနုစေလိုသူ
Romanceမောင့်မေတ္တာရိပ်အောက်မှာ မောင့်သက်ဝေတစ်ဘဝလုံး နွေးစေ အေးစေကွယ်....