တပေါင်းလပြည့်ညရဲ့ ပြည့်ပြည့်ဝန်းဝန်း လမင်းကြီးက ကောင်းကင်ယံပေါ် တဖြည်းဖြည်းမြင့်တက်လာလေပြီ...။
ရွာဦးစေတီမှာ ထွန်းညှိပူဇော်ထားကြတဲ့ ဆီမီးခွက်လေးများက ပန်းတင်ခုံပေါ်နဲ့ စေတီတော်ပတ်လည်မှာ စီရီထိန်ညီးလို့....။
ပွဲစျေးနဲ့ အတော်လေးလှမ်းလှသည်မို့ ဆူညံသံများနဲ့ ကင်းကွာနေကာ စေတီတော်ရဲ့ ဆည်းလည်းသံသာသာများနဲ့ စိတ်အေးချမ်းဖွယ်ရာ....။
မီးရောင်အောက်မှာ ပုဆစ်လေးတုပ်ကာ ဘုရားရှိခိုးနေသော သက်ဝေပုံရိပ်လေးအား ဘုန်းရောင် ကြည့်လိုမဝနိုင်....။
ဘုန်းရောင်တို့အဖွဲ့တွေ ရွာဦးစေတီဆီ အရင်လာပြီး ပန်း၊ဆီမီး၊ရေချမ်း ကပ်လှူပူဇော်ဖြစ်ကြသည်။ သက်ဝေ ဘုရားရှိခိုးတာ ကြာလှပြီမို့ လည်ပတ်ဖို့ စိတ်စောနေတဲ့ သူဇာတို့အဖွဲ့အား ပွဲစျေးထဲ ဘုန်းရောင်အရင်လွှတ်လိုက်ရ၏။
ထိုအဖွဲ့ကိုထိန်းဖို့ မဘုတ်ဆုံရော ထွေးငယ်ပါ ရှိနေတာမို့ ဘုန်းရောင် စိတ်ချလက်ချ လွှတ်ပေးလိုက်ခြင်းပင်...။
ပွဲစျေးမှာ လူစည်ကားလှသလို စေတီတော်မှာလည်း လူကပြတ်မနေပါ...။ သို့ပေမဲ့ ဆူညံမနေဘဲ ကိုယ့်အဖွဲ့နဲ့ကိုယ် တိတ်တဆိတ်ပဲ ဆီမီးထွန်း၊ ဘုရားရှိခိုးပြီးတာနဲ့ ထွက်သွားကြသည်။
အတော်လေးကြာမှ ဘုရားရှိခိုးလို့ပြီးသွားတဲ့ သက်ဝေက အေးချမ်းတဲ့အပြုံးလေးနဲ့ ဘုန်းရောင်ကို လှည့်ကြည့်လာသည်။
"သက်ဝေ ဘုရားရှိခိုးတာ ကြာသွားတယ်...။ မလေးပျို စောင့်နေရတာ အားနာလိုက်တာ...."
"အားမနာနဲ့....။ ကျုပ်က သက်ဝေကို တစ်ဘဝလုံးလည်း စောင့်နိုင်ပါ့..."
"ဟင်...."
သက်ဝေ ပါးပြင်ကလေး နီမြန်းသွားပြန်တော့ ဘုန်းရောင်ရင်ထဲ တသိမ့်သိမ့် ကြည်နူးမဆုံး...။
ဒီမိန်းကလေးရဲ့ အပြုအမူသေးသေးလေးတွေတစ်ခုစီကအစ မြတ်နိုးဖွယ်ရာပင်....။
"ဘုရားရှိခိုးတာ ဒီလောက်အကြာကြီး သက်ဝေ ဘာတွေများ ဆုတောင်းနေသလဲ..."
YOU ARE READING
မေတ္တာနုနုစေလိုသူ
Romanceမောင့်မေတ္တာရိပ်အောက်မှာ မောင့်သက်ဝေတစ်ဘဝလုံး နွေးစေ အေးစေကွယ်....