"သက်ဝေ..."
"ရှင်..."
"မအိပ်ချင်သေးရင် ခြံထဲခဏဆင်းရအောင်လေ..."
"ဟုတ်ကဲ့ မလေး..."
ဖြည်ချပြီးသား ဆံပင်ရှည်တွေကို ပြန်ချည်မနေတော့ဘဲ ရင်ဘတ်ရှေ့ကိုပဲ စုသိမ်းကာ သက်ဝေ အခန်းထဲက ထွက်လာလိုက်၏။
ညင်သာသော ခြေလှမ်းများနဲ့ ရှေ့ကသွားနေသည့် ဘုန်းရောင်နောက်ကို ဖဝါးထပ်မကွာ လိုက်ပါမိသည်။
ခြံထဲခြေချလိုက်တာနဲ့ လေတဖြူးဖြူးက သယ်ဆောင်လာသော သနပ်ခါးပန်းရနံ့တို့မှာ သင်းသင်းပျံ့ပျံ့...။
"ဒီမှာ.."
"အု..."
ရှေ့က ဘုန်းရောင်က ရုတ်တရက် တန့်လိုက်တာမို့ ခြေလှမ်းအရှိန်လျှော့ဖို့ မမီလိုက်တဲ့ သက်ဝေမျက်နှာလေးမှာ ဘုန်းရောင်ကျောပြင်ဆီ သွားအပ်၏။
"ဘယ့်နှယ့် မပြောမဆို ရပ်ရတာတုန်းတော့..."
"အယ်....နာသွားလား သက်ဝေ...။ ကျုပ်က မင်း အနွေးထည်ဝတ်ခဲ့ပါ့မလား သတိရလို့ လှည့်လိုက်တာပါ့...."
အနည်းငယ် ရဲသွားတဲ့ နဖူးလေးအား ဖွဖွပွတ်ပေးရင်း ဆိုတော့ သက်ဝေရဲ့ မျက်စောင်းနုနုလေးက လှစ်ခနဲ...။
"မနာပါဘူး...။ ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့...."
"ကျုပ် တောင်းပန်ပါရဲ့...။ လာ ဒီမှာ ထိုင်...."
တမာပင်ခြေရင်းက ကွပ်ပျစ်လေးပေါ်မှာ သက်ဝေလက်လေးအားဆွဲလို့ ဝင်ထိုင်စေလိုက်သည်။
ခြံထဲမှာ မီးတွေမထွန်းထားပေမယ့် လပြည့်ကျော်နှစ်ရက်ရဲ့ ဖိုးလမင်းက ထိန်ထိန်သာနေတုန်းမို့ ပတ်ဝန်းကျင်အား ပီပီပြင်ပြင် မြင်နေရသေး၏။ ဒီည ဘုရားပွဲနောက်ဆုံးညပင်...။
ပထမညပြီးတည်းက သက်ဝေက နောက်နှစ်ရက်လုံး မသွားချင်တော့တာမို့ ဘုန်းရောင်လည်း မသွားဖြစ်....။ ဒီညတော့ အမေပါ ပွဲလိုက်ကြည့်သည်မို့ အိမ်မှာ အဘရယ်၊ သူတို့နှစ်ယောက်ရယ်ပဲ ရှိနေသည်။
"မလေး သက်ဝေကို ဘာပြောမလို့လဲဟင်..."
"အထွေအထူး ပြောစရာရယ်မရှိပါဘူး...။ ကျုပ် အခန်းထဲကနေ အပြင်ကိုကြည့်လိုက်တော့ လကထိန်ထိန်သာနေတယ်...။ ကြယ်တွေလည်း စုံနေတယ်...။ လရောင်အောက်က မြင်ကွင်းတိုင်းက လှနေတော့ ဒီလိုမြင်ကွင်းမျိုးကို ကျုပ် သက်ဝေနဲ့ အတူကြည့်ရရင် ကောင်းမှာဘဲ တွေးမိသွားလို့..."
YOU ARE READING
မေတ္တာနုနုစေလိုသူ
Romanceမောင့်မေတ္တာရိပ်အောက်မှာ မောင့်သက်ဝေတစ်ဘဝလုံး နွေးစေ အေးစေကွယ်....