၁၃

1.1K 99 8
                                    

"ခွင့်မလွှတ်နိုင်ဘူး အမိုက်မ....။ ဒါ ဒင်း ခွေးဇာတ်ခင်းသွားတာ... မိဘမျက်နှာ အိုးမည်းသုတ်သွားတာ...။ ငါ့သမီးလေး တော်လှ တော်လှနဲ့ မယ်လေး... ဒင်းကတော့ ယောင်းမမြင်းစီးထွက်သွားတယ်...."

ဒေါ်လှရင်ရဲ့ ဒေါကြီးမောကြီး အသံက အိမ်ထဲမှာ ဟိန်းထွက်နေပါ၏။ ဘုန်းရောင်ကိစ္စ အစပျိုးလိုက်တာနဲ့ ဒေါ်လှရင်ရဲ့ ယမ်းပုံမီးကျ ဒေါသများက ဘိုးလူပေကနေစလို့ တစ်အိမ်သားလုံးဆီ မီးခိုးကြွက်လျှောက်လိုက်သည်။

"မင့်ကလည်း နှမမိန်းမရဖို့ အားနဲ့မာန်နဲ့ ဦးစီးဆောင်ရွက်ပေးလိုက်သပေါ့ ငဘုန်းမောင်...။ အစ်ကိုကောင်း ပီသလှချည်လား....။ ညည်းလည်း ကြံရာပါလိုက်သေးသကိုး မိသူဇာ....."

ဘုန်းမောင်တို့မောင်နှမနှစ်ယောက်လုံး ခေါင်းလေးတွေ ငုံ့လျှိုးသွားသည်မှာ လိပ်တွေသာဆိုလျှင် အခွံထဲတိုးဝင်ချင်နေသည့်အလားပါပင်...။

"တော်ကြီးလည်း မခုတ်တတ်တဲ့ကြောင်လုပ်မနေနဲ့ ကိုလူပေ...။ ဒီကိစ္စ တော့် လက်ချက်လည်းမကင်းတာ ကျုပ် သက်သေရှာမရသေးလို့ပေါ့...။ ရှာတွေ့လို့ကတော့ ဟင်းးဟင်း..."

ဒေါ်လှရင်စကားကြောင့် မှင်သေသေနဲ့ ရေနွေးကြမ်းသောက်နေသော ဘိုးလူပေမှာ ရေနွေးပူပင် သီးတော့မလိုဖြစ်သွားသည်။

"အဟွတ်...အဟွတ်   နို့...ကျုပ်နဲ့မဆိုင်တာ အသိသာကြီးပါ မယ်ရင်ရာ....။ ကျုပ်ကိုတော့ အထင်မလွဲလိုက်ပါနဲ့....။ ကျုပ်ခမျာ ရပ်ရေးရွာရေးတွေနဲ့ ရှုပ်ယှက်ခတ်နေတာ လူငယ်တွေကိစ္စ ဘယ့်နှယ့် သတိထားမိမှာတုန်းကွာ..."

"ကျုပ် ရွာနီးချင်းက မိတ်ဆွေတွေဆီ အကြောင်းကြားပြီး ဒင်းတို့ကို ရှာခိုင်းထားပါတယ်....။ ဒီအမိုက်မလေး ကျုပ်နဲ့မတွေ့စေနှင့်စေနဲ့ပေါ့...။ မိဘမျက်နှာ ထုံးသုတ်....အဲ...အိုးမည်းသုတ်တာ။ ရှာတွေ့လို့ကတော့ ကျုပ်အကြောင်း ကောင်းကောင်းသိစေရမယ်..."

"အို....ဘာမှရှာမနေနဲ့....။ သူ့လို သမီးမျိုး ကျုပ်တို့မိသားစုမှာ မရှိဘူး....။ ကျုပ်မှာ အခု သားသမီးနှစ်ယောက်ဘဲ ရှိတယ်....။ ဘုန်းမောင်နဲ့ သူဇာကသာ ကျုပ်အသိအမှတ်ပြုတဲ့ ကျုပ် သားသမီးတွေဘဲ...။ မိဘကို အရှက်ခွဲပြီး လုပ်ချင်ရာလုပ်သွားတဲ့ သူစိမ်းတွေကိုတော့ အိမ်ရိပ်တောင် မနင်းစေနဲ့...."

မေတ္တာနုနုစေလိုသူ (Complete)Where stories live. Discover now