အနောက်တောင်အရပ်က မိုးသားတို့က ညိုမှောင်စွာနဲ့ တလိပ်လိပ် တက်လာနေကြဆဲ...။
တောင်လေလာမှ မိုး ဆိုသည့်အတိုင်း လမြတ်ဝါဆိုရဲ့ မိုးဦးမိုးသားတို့က ပိတောက်ရွာကလေးမှာ ဖြိုင်ဖြိုင်သည်းနေလေပြီ...။
တစ်ပတ်လုံးလုံး သည်းထန်စွာ ရွာသွန်းနေသည့် မိုးနဲ့ အစဝင်လာသော မိုးရာသီမှာတင် တောင်ရိုးချောင်းက ရေလျှံနေလေပြီ....။
"မိုးကလည်း အတော်ရွာသဟေး...။ ရေကလည်း ဘာတက်သလဲ မမေးနဲ့...။ ချောင်းကမ်းစပ်က နိမ့်တဲ့အိမ်တွေကတော့ ခေါင်ဘဲကျန်တယ်...."
"ကျုပ်တို့အိမ်တောင် တိုင်ခြေထိ ရေတက်လာသေးတာတော်...။ မနေ့ကမိုးဆို လေရော မိုးရောနဲ့ အိမ်တိုင်ပါ ကျွတ်ပါသွားမလားထင်ရ..."
တစ်ရွာလုံးမှာ အမြင့်ဆုံးနေရာက ရွာလယ်ဘုန်းကြီးကျောင်းသာ...။ မိုးရာသီရေတက်ပြီဆိုတာ ကျောင်းရေကန် ကန်ပေါင်နဲ့ ဘုန်းကြီးကျောင်းထဲဘဲ ရေမဝင်တာ...။
ကျန်တဲ့ နေရာတွေမှာတော့ ရေက ဖွေးဖွေးလှုပ်လို့သာ...။
ဒါပေမယ့် ထိုရေကြီးမှုက ပိတောက်ရွာမှာ နှစ်တိုင်းကြုံနေကျမို့ ရွာသားတွေက အထူးအထွေ ဇာချဲ့မနေ...။ ဘိုးစဉ်ဘောင်ဆက် တစ်သက်လုံး ဒီလိုဘဲ နေထိုင်လာကြသည်လေ...။
ဒီချိန်ဆို တောင်ရိုးချောင်းရေပြင်မှာ ကြာဖြူ၊ ကြာနီတွေ ဖွေးဖွေးလှုပ် အလှဆင်နေလေပြီ...။ ရွာမြောက်ဘက်မှာရှိတဲ့ တောင်ရိုးချောင်းတစ်ဖက်ကမ်းက လယ်ကွင်းများကတော့ဖြင့် အမြင့်ပိုင်းမှာမို့ ရေမြုပ်ခြင်း ကင်းဝေးပါ၏။
လှေဦးထိပ်မှာ ကြာဖြူတွေတင်ဆောင်လို့ လှေငယ်လေးတစ်စင်းက လယ်ကွင်းတွေဘက် ဦးတည် လှော်ခတ်နေသည်။ လှေဝမ်းထဲမှာတော့ ထမင်းတောင်းတွေ အစီအရီချထားလေ၏။
သနပ်ခါး ပါးကွက်ဝိုင်းလေးနဲ့ တောလုံမေလေးက လှေကို ကျွမ်းကျွမ်းကျင်ကျင် လှော်ခတ်ကာ ချောင်းရိုးကနေ လယ်ကန်သင်းတွေဆီ ဦးတည်လာသည်။
လယ်ကွင်းထဲမှာ ရွာသူကောက်စိုက်သမတို့ရဲ့ သံပြိုင်တေးသံသာက မိုးသံတဖြောက်ဖြောက်ကြား ပျံ့လွင့်နေသည်။
YOU ARE READING
မေတ္တာနုနုစေလိုသူ
Romanceမောင့်မေတ္တာရိပ်အောက်မှာ မောင့်သက်ဝေတစ်ဘဝလုံး နွေးစေ အေးစေကွယ်....