“ ကိုကိုရေ ကျွန်တော့်နာရီလေးတွေ့သေးလားဟင်”
အပြင်သွားခါနီးပြီဆို မောင်နေအလင်းစက်တို့ဟာ ပြာယာခတ်ပါပြီ။
“ စားပွဲပေါ်မှာမဟုတ်လား ညီရဲ့”
“ စားပွဲပေါ်ကို ဘာလို့ရောက်သွားတာလဲ ကိုကိုရ ကျွန်တော်လည်း မတင်ဘဲနဲ့”
“ ဪ ဒီကလေးနှယ် နာရီကတော့ ခြေထောက်ပေါက်ပြီး စားပွဲပေါ်တက်နေမလားကွ။ ညက ညီဘေစင်ပေါ်တင်ထားခဲ့တာ ပြုတ်ကျမစိုးလို့ ကျွန်တော်မျိုးကြီး စားပွဲပေါ် နေရာပြောင်းလိုက်ကြောင်းပါ”
သူမှားမှန်းသိတော့ စပ်ဖြဲဖြဲနဲ့ လူကိုရယ်ပြသေးသည်။ ညီဟာလေ အခုထိကို အကောင်ပေါက်လေးပါပဲ။
“ ကန်တော့ဖို့ ပစ္စည်းတွေရော စုံပြီလား မှန်း … ကိုယ်စစ်ပါဦးမယ်”
“ ကိုကိုကလည်း လူကို မယုံမကြည်နဲ့ ကျွန်တော်သေချာစစ်ထားပါတယ်ဗျ”
သူ့ကို မယုံကြည်ရကောင်းလားဆိုပြီး မျက်လုံးထောင့်ကပ်ကြည့်နေပုံကိုလည်း ကြည့်ပါဦး။ ဒီကောင်လေးဟာ အသက်ကြီးလာလို့ ရုပ်ကလေးသာ ပိုချောလာတာရှိမယ်။ ကျွန်တော့်ကိုဆို ပုံစံမျိုးစုံနဲ့ ချော့လိုက်၊ ခြောက်လိုက်လုပ်ပုံကတော့ နည်းနည်းလေးမှ မကြီးပြင်းလာ။
“ ကဲ ဟုတ်ပါပြီ ဒါဆိုလည်း သွားကြမယ်လေ ကိုယ်မိန်းချလိုက်မယ်။ ညီတံခါးပိတ်လိုက်နော်။ အထုပ်တွေ ကိုယ့်ကိုပေး။ လက်ညပ်မယ်နော် တံခါးနဲ့။ အယ် နောက်ဆုတ်ဦး နောက်ဆုတ်ဦး ပုဆိုးက ညပ်တော့မယ်လို့။ ထွက်လိုက်တော့ ကိုယ်ပဲလုပ်လိုက်မယ် ညီဒီဘက်လာ”
အသံမထွက်လာဘဲ တိတ်ဆိတ်သွားတော့မှ တစ်ယောက်တည်း စကားတွေဆက်တိုက်ပြောနေမိတာကို သတိထားမိသွားရသည်။ ညီက သူ့ကို ကလေးတစ်ယောက်လို သည်းသည်းလှုပ် လိုက်စိတ်ပူတာကို မကြိုက်ပါဘူးဆိုနေ။ ကိုယ်တိုင်လည်း ဒီလိုမျိုး မဖြစ်အောင် ထိန်းသိမ်းထားတဲ့ကြားထဲကပင် ညီ့တစ်ယောက်ကို ဘယ်လိုမှ စိတ်မချနိုင်ဖြစ်နေမိတာကို ဘယ်လိုလုပ်ရပါ့။
ဒီတစ်ခါတော့ ကိုယ်က သူမကြိုက်တာကို လုပ်မိတာဆိုတော့ မျက်နှာချိုသွေးအလှည့်ပေါ့လေ။
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo