အခန်းပို (၁၀)

12.3K 870 79
                                    


Zawgyi 

နောက်ဆုံးထွက်ထားတဲ့ ဗားရှင်းကို စာအုပ်မဝယ်လိုက်ရသူတွေအတွက် စာအုပ်တိုက်ကို ခွင့်တောင်းပြီး တင်ပေးလိုက်ပါတယ်။ဒီလူသုံးယောက်ကို လွမ်းနေကြသူတွေ အလွမ်းပြေကြပါစေလို့။ " ညီ ... ပြန်လာပြီလား"အခန်းတံခါးဖွင့်လိုက်တာနဲ့ စောင့်ကြိုနေတဲ့သူ။"ဟုတ် ကိုကို။ မအိပ်သေးဘူးလား""ညီ့ကို စောင့်နေတာလေ။ ပြန်တာ နောက်ကျ လိုက်တာ""ဟုတ်တယ်ကိုကို။ ကျွန်တော် အခုတလော အလုပ်များနေလို့""ဒီရက်ပိုင်းကို တောက်လျှောက်နောက်ကျနေတော့တာပဲ""ဟုတ်"ပင်ပန်းလွန်းလို့ ဘာမှ မပြောနိုင်တော့။ အိပ်ရာပေါ်သာ ပစ်လှဲချင်နေပြီမို့ ကိုကို့ကိုလည်းသေချာပြန်မပြောမိ။ အတွေးထဲမှာက ဒီပြသနာကို ဘယ်လိုဖြေရှင်း ရမလဲဆိုတာတစ်ခုပဲရောက်နေတော့တာ။ အရင်တစ်လကမှ ကျွန်တော်တာဝန်ယူ ထားတဲ့ Site ထဲမှာ အလုပ်အတူလုပ်တဲ့ တစ်ယောက်က expense တွေထုတ်ပြီး ထွက်ပြေး သွားတယ်လေ။ ပါသွားတဲ့ ငွေက မနည်းလှဘူး။ ရာထူး တိုးပြီးပြီးချင်း ရလာတဲ့ ပရောဂျက်အကြီးဆိုတော့ အားလုံးက ကျွန်တော့်ခေါင်းပေါ်ပဲ အကုန်ပုံ ကျလာတော့တာ။ကျွန်တော်မလုပ်ဘူးဆိုတာသိကြပေမယ့် စာချုပ်က ကျွန်တော့် နာမည်နဲ့ ဆိုတော့ ပြေးသွားတဲ့သူတွေ ဘာတွေ မသိဘူး။ ပြဿနာက ကိုယ့်နာမည်နဲ့ လာ မှာ။ အခုလတ်တလောတော့ Site လည်ပတ်နေဖို့ ရုံးက စိုက်ထုတ်ထားပေးပေမယ့် ဒီကောင့်ကိုမှ ရှာမတွေ့ရင် အကုန် စိုက်လျော်ရမယ့်ကိန်း။ လျော်ရမယ်ဆိုတော့ လည်း ပါသွားတာက သိန်းကိုထောင်နဲ့ချီပြီးပါသွားတာ။ ကျွန်တော့်မှာအဲဒီလောက် ဘယ်လိုလုပ်ရှိမှာလဲ။ ဟိုလကတင် ကိုကို့အမေ နှလုံးဖောက်ပြီးဆေးရုံတင်ရလို့ ခွဲရ၊ ပြုရတာနဲ့ ကျွန်တော်တို့ နှစ်ယောက် စုထားတာလေးတောင် ဘာမှမကျန် တော့တာ။ ပါပါးကို ပြောလိုက်ရင်တော့ ဒီငွေလောက်က ဘာမှမဟုတ်ပေမယ့် မပြောချင်။ တစ်သက်လုံး အကူအညီမယူဘူးလို့ ဆုံးဖြတ်ထားတာမို့ လိုအပ်မှ ပြေး လာတယ်လို့ အထင်ခံဖို့ရာ မာနကလက်မခံ။ ကိုကို့ကို ပြောရင်လည်း နှစ်ယောက် အတူ စိတ်ဆင်းရဲဦးမယ်။ ဒီပမာဏလောက်ကျတော့ ကိုကိုလည်းမတတ်နိုင် လောက်ဘူးဆိုတော့ ဒီကောင့်ကိုပဲ တွေ့အောင်ရှာပြီးမှ ထုတ်ပြောဖို့ တွေးလိုက် တော့တာ။ နှစ်ယောက်အတူရင်ဆိုင်ဖို့ ပြောထားကြတာ ဆိုပေမယ့် နှစ်ယောက် လုံးတော့ အပူမခံချင်တော့ပါဘူးလေ။ ကိုကိုကစိတ်ပူတတ်တာနဲ့ မဖြစ်သေးပါဘူး။ အရင် ရအောင် ရှာဦးမှပါ။သူ့သတင်းကြားတဲ့ နေရာတိုင်းကို လိုက်ရတာရော၊ စိတ်တွေ တအားရှုပ် ထွေးနေတာနဲ့ရော ပေါင်းပြီး လူက ဘူနေတော့တာပဲ။"ညီ""ဗျာ""ကိုယ်ခေါ်နေတာ ကြာပြီဘာဖြစ်နေတာလဲ"" ဘာမှမဖြစ်ပါဘူး ကျွန်တော်ပင်ပန်းနေလို့ပါ""တစ်ခုခုဖြစ်နေတယ် မဟုတ်လား။ ညီ့ကိုကြည့်ရတာတစ်မျိုးကြီးပဲ""ဘာမှမဖြစ်ပါဘူး ကိုကိုရာ"" မဟုတ်သေးပါဘူး အခုတလော ပုံမှန်ကို မဟုတ်ဘူး"လူက စိတ်ရှုပ်ထွေးနေပါတယ်ဆို ကိုကိုကလည်း ပွစိပွစိနဲ့ကွာ။"ကိုကို ကျွန်တော်နားချင်ပြီအိပ်တော့မယ်နော်""နားတာက နားပါ။ ကိုယ့်ကိုလည်း တစ်ခုခုပြောပါဦး""ဘာပြောရမှာလဲ ကိုကိုရာ။ ဒီတိုင်း ကိစ္စလေးတွေ ရှိလို့ပါ""အေးလေ ဘာကိစ္စလဲလို့"ကိုကိုက ဒီနေ့မှ တအားရစ်နေသလိုပဲ။"ကိုကို ကျွန်တော်တကယ် နားချင်ပြီ။ နောက်မှပြောရအောင်"ကို့ကိုကို အသာတွန်းဖယ်ပြီးအခန်းထဲဝင်လှဲလိုက်တော့ ကုတင်စွန်းမှာ ထိုင်ပြီး ကျွန်တော့်ကို စိုက်ကြည့်နေပြန်တယ်။ ကြည့်နေပေတော့ ကိုကိုရာ။ ပင်ပန်းလို့ ဘာမှကို မပြောချင်ပါဘူးဆိုနေ။ အဲဒီအချိန် ဖုန်းဝင်လာတာနဲ့ ကိုင်လိုက် တော့ ဟိုကောင့်အကြောင်း ကြားထားတယ်လာခဲ့ပါဆိုတော့ ချက်ချင်းပဲ ထထိုင်မိ သွားတယ်။"အေးအေး ... ငါ အခုလာခဲ့မယ် ခဏစောင့်""ဘယ်ကို သွားဦးမလို့လဲ""ကိစ္စရှိလို့ ခဏသွားမှာ""ခုလေးမှ ပြန်ရောက်လာတာကို""ကိစ္စရှိလို့ပါ ကိုကိုရာ""ညီပဲ ခုနတော့ ပင်ပန်းလွန်းလို့ နားချင်ပါပြီဆို""ကိုကို ဘာဖြစ်နေတာတုန်းလို့ တစ်ခါမှ ဒီလောက်မရစ်ဖူးပါဘူး"" ရစ်တယ် ... ကိုယ်က ရစ်တယ်တဲ့လား။ မင်းပုံစံက မူမမှန်နေတာရော မင်းသိရဲ့လား ညီ""မူမမှန်စရာဘာရှိလဲ ကိုကို။ လူတိုင်းမှာ ဒီလိုပဲ စိတ်ရှုပ်တဲ့အချိန်တွေ ရှိတာပဲမဟုတ်လား""ဟား ... ဟုတ်ပါပြီ။ အဲဒီတော့ ကိုယ်က ရစ်တယ်ဖြစ်ရောပေါ့။ မင်းလုပ် နေတာရော ဟုတ်လို့လား ညီ။ မင်း ကိုယ့်ကိုကျတော့ စကားမပြောနိုင်တော့ဘူး ပင်ပန်းလို့နဲ့။ ဟိုက ဖုန်းဆက်တော့ မင်း ချက်ချင်းသွားတယ်။ နေပါဦး ဘယ်သူမို့လို့ လဲသူက ဟမ်"" ကျွတ်စ် ကိုကို ဘာတွေပြောနေတာလဲဗျာ။ ဘယ်သူဖြစ်ရမှာလဲ""မသိဘူးလေ။ အသိမခံနိုင်တဲ့ သူတစ်ယောက်ယောက်များ ဖြစ်နေတာ လားပေါ့" စိတ်ကရှုပ်နေရတဲ့အထဲ ကိုကို့ခနဲ့သံက နားထဲမှာပူခနဲ။ ပုံမှန်ဆိုရင်တော့ သူအူတိုတာကို သဘောကျပြီး ပိုစမိမယ်ထင်ပေမယ့် အခုကတော့ ဘယ်လိုမှ စိတ် အဆင်မပြေတဲ့အချိန်ဆိုတော့ စကားသေးသေးလေးတွေကအစ အကျယ်ချဲ့ သလို ခံစားနေရတယ်။"ကိုကို့စကားက ဘာကိုပြောချင်တာလဲ။ ကျွန်တော်က အပြင်မှာ တစ် ယောက်ယောက် ရှိနေတယ်လို့ ဆိုလိုတာလား""ကိုယ် အဲဒီလောက်အထိ မပြောရသေးဘူး ညီ။ ညီ့ဘာသာ ထပြီး နာရင် တော့ ကိုယ်လည်း မသိဘူး"ကိုကို့မျက်နှာကတည်ငြိမ်မှုက အရွဲ့တိုက်ပြီး ပြောနေခြင်းလည်းမဟုတ်။ ကျွန်တော်ကလည်း အခုချိန်မှာ လုံးဝ အလျှော့ပေးချင်စိတ် ရှိမနေ။ တစ်ရက် တစ် ရက်နဲ့ ပိုဆိုးလာတော့မယ့် အခြေအနေမှာ ခေါင်းထဲရှိသမျှက ဒီကောင့်ကို မိဖို့။ဘယ်လောက် ပင်ပန်းပင်ပန်း ဒီကောင့် သတင်းကြားတာနဲ့ ချက်ချင်းထ လိုက်နိုင်ဖို့ပဲ။ အပူမပေးချင်တဲ့ စိတ်ဆန္ဒကို ကိုကိုက ဘာလို့ တလွဲထင်နေလဲ နား မလည်။ နောက်ပြီး ကျွန်တော့်ကို ကလေးလေးတစ်ယောက်လို စိတ်ပူတတ်လွန်း တာကို မကြိုက်ပါဘူးဆိုနေ။"ကိုကို ... ကျွန်တော် အသက်ပြည့်ပြီးသားလူတစ်ယောက်ပါ။ ကျွန်တော့် အသက်ပဲ ၂၈ ဖြစ်နေပြီ။ ဘာကမလုပ်သင့်ဘူးလဲ၊ ဘာကလုပ်သင့်တာလဲ ကျွန် တော် နားလည်တယ်။ အဲဒီတော့ ကိုကို ကျွန်တော့်ကို အကုန်မသိချင်ပါနဲ့လား။ပြောသင့်တဲ့ ကိစ္စဆို ကျွန်တော်ပြောပြမှာပေါ့ ဟုတ်ပြီလား"ကျုံ့စုသွားတဲ့ မျက်ခုံးတွေကို မသိချင်ယောင် ဆောင်လိုက်တယ်။ စကား လုံးတွေ ကြမ်းသွားနိုင်တာ သိပေမယ့် ကျွန်တော်အခု ဘယ်လိုမှ အဆင်မပြေနေ တာမို့ နောက်ကိစ္စ နောက်မှပဲရှင်းတော့မယ်ကိုကိုရာ နော်။"မင်းပဲပြောခဲ့တာလေ။ ကိုယ်တို့ နှစ်ယောက်ကြား ဘာမှ လျှို့ဝှက်မထား ကြေးလို့။ အခုကျမှဘာ... အကုန်မသိချင်ပါနဲ့တဲ့ ဟုတ်လား ညီ။ မင်း ... တကယ်""ဟုတ်တယ် ကျွန်တော် ပြောခဲ့တာလည်း မှန်တယ်။ ဒါပေမယ့် အခု ကျွန်တော်က ၂၈ နှစ်လေဗျာ။ ၃၀တောင်ပြည့်တော့မယ် ချာတိတ်မှ မဟုတ်တော့ တာ။ ကျွန်တော့်ကို ကိုယ်ဘာသာ ဆုံးဖြတ်ခွင့်ပေးပါလား။ ဘယ်သွားလဲ၊ ဘယ်သူ နဲ့လဲကအစ ကိုကို ကျွန်တော့်ကို မပိတ်ပင် နေပါနဲ့လား""မင်း မူမမှန်နေလို့ ကိုယ်လိုက်မေးနေရတာပါ ညီ။ မင်းအခု ရက်ပိုင်း ကိုယ့်ကို စကားလည်းမပြော၊ အိမ်ပြန်လာရင်လည်းနောက်ကျ၊ မနက်ကျရင်လည်း အစောကြီးထွက်သွား၊ ခရီးကလည်း ခဏခဏ ထွက်နေတာ။ ကိုယ် မမေးသင့်ဘူး လား""အလုပ်ရှိလို့လေဗျာ""အလုပ်ကဘယ်သူနဲ့မို့လို့ဒီလောက်တောင်များလာရတာလဲရုတ်တရက်ကြီး ဟမ်""ကိုကိုတော်တော့ဗျာ။ ကျွန်တော်သွားတော့မယ်။ ချိန်းထားပြီးပြီ""ဘယ်သူနဲ့လဲ ကိုယ်လိုက်ခဲ့မယ်""ကိုကို ဘာလဲ ကျွန်တော်ဖောက်ပြန်နေတယ်လို့သံသယရှိနေတာလား""မင်းလုံတယ်ဆိုရင် ကိုယ့်ကိုမခေါ်သွားစရာ ဘာရှိလဲညီ။ မင်း အခု လုံးဝ ဆတ်ဆတ်ထိမခံဖြစ်နေတာရော သိရဲ့လား""ဆတ်ဆတ်ထိမခံ ဖြစ်နေတာသိရင် ကိုကို လွှတ်ထားပေးလိုက်လေ။ ကိုကိုဘာလို့ ဇွတ်အတင်း ချောင်ပိတ်နေရတာလဲ။ ဘာလို့ ကျွန်တော့်ကို လာဆွ နေရတာလဲလို့"အော်လိုက်မိသွားပြီ ဆိုတော့ လူက ရပ်လို့မရတော့။ မပြောသင့်ဘူးမှန်း သိနေပေမယ့် ချောင်ပိတ်တယ်လို့ ခံစားရပြီး အသက်ရှုဖို့ပါ ခက်လာတာနဲ့ ပြောမိ ပြောရာတွေ ထွက်လာတော့တာ။ သွားမှပါ မဟုတ်ရင် ပြသနာပိုတက်တော့မယ်။ ကိုကို့မျက်နှာ လုံးဝပျက်ထွက်သွားတာ မြင်ပေမယ့် မတတ်နိုင်တော့ပါ။ကျွန်တော့်မှာ ခေါင်းတစ်ခုလုံး မူးဝေပြီး စိတ်တော်တော်ကို ရှုပ်ထွေးနေရ တဲ့အထဲ ဖောက်ပြန်တယ်လို့ အတွေးခံရသေးတော့ အရွဲ့တိုက်ချင်စိတ် တစ်ခုပဲ ရှိ တော့တယ်။ အခုနေ ဘာပဲပြောလာလာ ကျွန်တော် ပိုရွဲ့မိတော့မှာ။ ဒီတော့ ရှောင် ထွက်သွားဖို့ပဲရှိတယ်။"ကျွန်တော် သွားတော့မယ်။ နောက်မှပဲ ဆက်ပြောရအောင်""အခုပဲပြောမယ် နေအလင်းစက်""ကျွတ်စ် ... သွားရတော့မယ်လို့""ပေးသွားမှာပါ မင်းကို။ ခဏပဲ ပြောမှာ""ပြောဗျာ""မင်းအတွက် ကိုယ်က ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့တာလား။ ကိုယ်က မင်း အတွက် အရှုပ်အထွေးဖြစ်နေပြီပေါ့ ဟုတ်လား နေအလင်းစက်"နာမည်ရင်းကို တော်ရုံခေါ်ခဲတဲ့ ကိုကို့ဆီက စကားသံက ရေခဲတမျှ အေး စက်စွာ။ သက်ပြင်းသာ ချလိုက်မိတော့တယ်။ ဒီပြဿနာကတော့ ကြီးကျယ်တော့ မယ်ထင်ပါရဲ့။"ကိုကို့ဘာသာ လျှောက်တွေးနေတာကို ကျွန်တော် ဘာမှမတတ်နိုင်ဘူး။ ကျွန်တော် အခုရှောင်ထွက်နေတာ ပြဿနာတက်မှာစိုးလို့။ အဲဒါကို ပေးမသွားဘဲ ဘာလို့ ရန်ဖြစ်ချင်နေတာလဲဗျာ""မင်းဘာသာ အရေးကြီးလို့ မသွားရ မနေနိုင် ဖြစ်နေတာပါ။ ရှောင်ထွက် တယ်လို့ မပြောပါနဲ့""ဟား ... တကယ်ပါပဲ။ ဟုတ်တယ်ဗျာ ဟုတ်တယ်။ အခုချက်ချင်းတွေ့မှ ဖြစ်မယ့်သူမို့လို့။ မတွေ့လို့ မဖြစ်လို့။ ရပြီလား၊ ကျေနပ်ပြီလား အတည်ပြုလိုက် ရတော့"ဘယ်လိုမှ လျှော့မရနိုင်တဲ့ တင်းမာမှုကြိုးစကို နှစ်ယောက်လုံး တစ်ဖက် တစ်ချက်စီဆုပ်ကိုင်မိပါပြီ။ ပိုကြီးထွားလာဖို့ပဲရှိတဲ့ ဒီမီးပွားဟာ ပိုတောက်ဖို့ပဲ ရှိ တော့သည်အထိ။ မှုန်မှိုင်းသွားတဲ့ ကိုကို့ မျက်ဝန်းတွေဟာ မှန်းဆရခက်တဲ့ အသွင် သို့ကူးပြောင်းသွားပြီးနောက် နှုတ်ခမ်းကို ဖွဖွကိုက်လိုက်တာ မြင်တယ်။ဒီအမူအရာက မြင်ရခဲတဲ့အပြင် သူတအားစိတ်ပြင်းထန်တဲ့ အခါမျိုးမှာ သာလုပ်လေ့ရှိတာမို့ ဘယ်လောက်ထိ ကြီးသွားမယ့် ပြဿနာလဲ ကျွန်တော် မတွေးနိုင်တော့ပါ။"ကောင်းပြီလေ အဲဒီလိုဆိုရင်လည်း။ ကိုယ်က လူပိုဖြစ်နေမယ့်အတူတူ ဘာလို့နေနေတော့မှာလဲ ဟုတ်တယ်မလား""ဘာဆိုင်လို့လဲ ... ကျွန်တော် အဲဒီလို ပြောမိလို့လား""အခု မင်းလုပ်နေတဲ့အချိုးကအဲဒီလိုပဲလေ။ မင်းလုပ်ချင်တာလုပ်မယ်၊ လိုက်မရှုပ်နဲ့ဆိုတာမျိုး""ကျွန်တော်ပြောတာ Personal Space လေးတစ်ခုထားဖို့ ပြောတာ။ ကျွန်တော် မပြောချင်တဲ့အချိန်ဆို လွှတ်ထားပေးလိုက်ဖို့""ကိုယ်အရင်က အမြဲ လွှတ်ထားပေးခဲ့တာပဲလေ။ ဒီတစ်ခေါက်က မင်း တအားလွန်နေလို့ ပြောနေရတာ""ဘယ်တုန်းက ဘယ်လိုလွန်လိုက်လဲ သေချာမသိဘူး။ ကိုကိုအသက်ကြီး လာလို့ ဖြစ်မယ်။ အရင်ကနဲ့မတူဘူး တအားပိတ်ပင်ချင် လာတာ။ ကျွန်တော့်ကို မျက်လုံးဒေါက်ထောက်ကြည့်နေသလိုပဲ"မဲ့ပြုံးပြုံးပြီး အသံထွက်အောင် ရယ်လိုက်ပုံက သူ့ဘက်ကလည်း လျှော့ မယ့်ပုံမရှိ။"အေးပါ ကိုယ်ကအသက်ကြီးလာတော့ ပိုတွယ်ကပ်လာတာဖြစ်မယ်။ ပိုစောင့်ရှောက်ချင်မိတာ ကိုယ့်အမှားပဲပေါ့""စောင့်ရှောက်တာကို ပြောချင်တာ မဟုတ်ဘူးလေ။ ကျွန်တော့်ကို ကလေးလို ပူနေတာကို ပြောတာ။ ကျွန်တော် မကြိုက်ဘူးလို့ ပြောထားသားနဲ့။ အသက်ရှုကြပ်လာပြီဗျ သိရဲ့လား"ကျွန်တော်အော်ပြောလိုက်တော့ ကိုကိုက တစ်ချက်စိုက်ကြည့်တယ်။ သူ့ထက်မလျော့တဲ့ အကြည့်နဲ့ ပြန်စိုက်ကြည့်လိုက်မိပြီး နှစ်ယောက်လုံးဟာ မီးတောက်မီးလျံတွေလို ပူလောင်ပြင်းပြစွာ။"အင်း ... ဒါဆို ကိုယ်သွားမယ်။ မင်းလည်း မင်းဘာသာ နေချင်သလိုနေ။ ကိုယ် ဒီလို လိုက်ပြောတာကို မလိုချင်နေမှတော့ ကိုယ်တို့အတူနေလည်း ဘာမှ မထူးဘူး"ကျွန်တော်တစ်ခုခု ပြောမယ်ကြံလိုက်ချိန်မှာပဲ ဖုန်းက ထပ်ဝင်လာတယ်။"အေး ငါအခုထွက်လာနေပြီခဏနေရောက်မယ်နော်"ဖုန်းပြန်ဖြေပြီးနောက် အခန်းဝမှာ ရပ်နေတဲ့သူကို ကြည့်တော့ လက်နှစ် ဖက်ကိုတင်းတင်းပိုက်ပြီး ကျွန်တော့်ကိုစောင့်ကြည့်နေတယ်။ကျွန်တော်သိလိုက်ပါတယ် ဒါကရွေးချယ်မှု တစ်ခုလိုမျိုး ဆိုတာကို။ ဒါပေ မယ့် ကျွန်တော့်မှာလည်း ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်ကိုး။"သွားမှာ မဟုတ်လား သွားလေ။ ကိုယ်လည်းသွားမယ်"ညိထွေးနေတဲ့ စိတ်အစဉ်ကအရွဲ့တိုက်လိုက်ဖို့ကိုပဲ အားပေးအားမြှောက် ပြုနေတော့တာနဲ့"လုပ်ချင်တာလုပ်တော့ဗျာ မသိဘူး။ သွားတော့မယ်"တိုးတိုးရယ်လိုက်သံက သူ့ဒေါသကို ဖော်ပြနေသယောင်။ နောက်တော့ တံခါးဝကနေရှောင်ပေးပြီး"အင်း ... သွား"ကျွန်တော်လည်း ကားသော့ယူပြီး ဆင်းလာလိုက်တော့တယ်။ မသိတော့ ဘူး ဘာ‌တွေဆက်ဖြစ်မလဲဆိုတာ။ ကျွန်တော့်မှာ တွေးနိုင်တဲ့စိတ်အင်အားမျိုး ရှိမနေခဲ့ဘူး။ မလုပ်သင့်၊ မပြောသင့်တာကို သိနေပေမယ့် စိတ်ကမလိုက်နိုင်တော့ ဘူး။ ကိုကို ဘာလို့ ကျွန်တော့်ကို ဆိုးသွမ်းဖို့ ခွင့်ပြုလိုက်ရတာလဲဗျာ။ ..........ချိန်းထားတဲ့နေရာကနေသတင်းရပြီးတော့ လိုက်ဖို့ပြင်ဆင်ရတော့တယ်။ ကျွန်တော်ပြန်ရောက်လာတော့ အိမ်မှာ ကိုကိုမရှိ။ ခေါင်းတစ်ခုလုံးလည်း ကိုက်ခဲ နေတာနဲ့ ခဏလှဲလိုက်တာ အိပ်ပါပျော်သွားတော့တယ်။ မနက်လင်းတော့လည်း ပြန်ရောက်မလာခဲ့ပါဘူး။စိတ်ပျက်လက်ပျက်နဲ့ပဲအလုပ်သွားလိုက်ရတယ်။ တစ်နေကုန်ဖုန်းလည်း မရ၊ ကျွန်တော်ကလည်း မဆက်နိုင်နဲ့ အိမ်ပြန်ချိန် ရောက်လာတော့လည်း ကိုကို က ပြန်မလာ။"ဟူး ... ဘယ်တွေ သွားနေတာတုန်း ကိုကိုရာ"တစ်ရက်ကနေ နောက်တစ်ရက် ကူးသွားတော့ ကျွန်တော် ရင်တွေ စပူ လာခဲ့ပါပြီ။ မမပန်းလေးကို ဖုန်းဆက်မေးတော့ အိမ်ကိုလည်းမလာပါတဲ့။ ကျောင်း မှာလည်း ခွင့်ယူသွားတယ်တဲ့။ တစ်ပူပေါ် နှစ်ပူဆင့်ကာ ကျွန်တော့်မှာ လှုပ်တောင် မလှုပ်နိုင်တော့ပါဘူး။ ကိုကိုရေ ကျွန်တော့်ကို ကိုကိုကပါ အဲဒီလိုမလုပ်ပါနဲ့လား ဟင်။ ပင်ပန်းနေပေမယ့်အိပ်လည်း မပျော်တော့တာနဲ့ငေါင်တောင်တောင်ထိုင်ကာ ကိုကို့ကိုဖုန်းဆက်ကြည့်တော့ ဖုန်းကစက်ပိတ်သွားပြီ။သူ့ဖုန်းကို ကျွန်တော်ပဲ သတိတရ သွင်းပေးရတာ ဘယ်နှနှစ်တောင် ရှိနေ ပြီလဲ။ ဖုန်းအားသွင်းဖို့ ဘယ်တုန်းကမှ ဂရုတစိုက်မရှိတဲ့သူလေ။ ဘာတွေလုပ်နေ တာလဲ ကိုကိုရယ်။ အိမ်ခန်းတစ်ခုလုံးကိုဦးတည်ရာမဲ့လျှောက်သွားနေရင်း မနက် ၃ နာရီလောက်ကြီးဖုန်းဝင်လာလို့ ပျော်သွားပြီး ကိုင်လိုက်တော့ ဆက်တာက မြသော်က။"ဒီအချိန်ကြီးသော်ကနင်ဘာဖြစ်လို့လဲ"ပြန်မဖြေဘဲ သက်ပြင်းချသံသာ ကြားရပြီးနောက်​"လင်းစက် ... နင်အခုဘယ်မှာလဲ""ငါလား အိမ်မှာပေါ့ဟ""ငါ အခု နင်တို့အိမ်ကိုလာနေတယ် အောက်ဆင်းလာခဲ့""ဘာ ... ဘာဖြစ်လို့""မရှည်နဲ့ဟာ ဆင်းဆိုဆင်းလာခဲ့"ပြောပြီးတာနဲ့ ဖုန်းချသွားတော့ ကြောင်တောင်တောင်နဲ့ပင် ညဝတ်အင်္ကျီ ကို လဲပြီးအောက်ကို ဆင်းသွားလိုက် ရတော့တာပေါ့။ မယ်မင်းကြီးမက အခု နောက်ပိုင်း တအားကို စိတ်မရှည်နိုင်တော့တာ။ ပြောချင်တာပြောပြီးရင် လစ်သွား ရော။ အောက်ရောက်ပြီး ခဏနေတော့ ရောက်လာတယ်။"ကားပေါ်တက် လင်းစက်"ကားပေါ်တက်လိုက်ပြီးတော့ ဘာမှမပြောဘဲမောင်းထွက်သွားပြန်တယ်။"လင်းစက် ... နင်တို့ ဘာဖြစ်ကြတယ်တော့ ငါမသိဘူး။ ဒါပေမယ့် ငါနင့်ကို ပြောပြသင့်တယ်ထင်လို့"ရင်ဟာ ဒိန်းခနဲ။ ကိုကို့အကြောင်းများလား။"ဘာလဲ သော်က ကိုကိုလားဟင် နင် ကိုကိုနဲ့ တွေ့ခဲ့လား""အေး ... အခု ငါနင့်ကို အစ်ကို့ဆီ ခေါ်သွားမလို့""အား ... တော်သေးတာပေါ့။ ၂ ညရှိပြီ ပျောက်နေလို့ ငါ စိတ်တွေပူနေ တာ။ ဖုန်းလည်းဆက်မရနဲ့။ နင့်ဆီရောက်နေတာလား""မဟုတ်ဘူး။ အစ်ကို ကားတိုက်မှုဖြစ်လို့""ဘာ ... ကိုကို ဘာဖြစ်သွားလဲ။ ဘာဖြစ်သွားလဲ"ခေါင်းအထိ ထိုးတက်လာတဲ့ စိုးရိမ်ပူပန်မှုက ကျွန်တော့်တစ်ကိုယ်လုံးကို ထုံထိုင်းသွားစေတယ်။ ရင်တွေချက်ချင်းပူလာပြီး အန်ထွက်တော့မတတ်။"ဘာမှတော့ အထွေအထူးမဖြစ်ပါဘူး။ နည်းနည်းပါးပါးပဲ ထိတာ။ ငါအခု ဆေးခန်းဝင်ပို့ခဲ့တယ်""တော်သေးတာပေါ့ ... တော်သေးတာပေါ့။ ကိုကိုကလည်းကွာ ဘယ် လောက်စိတ်ဆိုးဆိုးပေါ့ ငါ့ကို အရင်ဆက်သွယ်သင့်တာကို""အစ်ကို ဘယ်လောက်စိတ်ဆိုးနေသလဲဆိုတာ ငါတွေးကြည့်လို့တောင် မရဘူး လင်းစက်။ စိတ်ဆိုးတာမဟုတ်ဘဲ သူ့စိတ်ထဲ တစ်ခုခုဖြစ်သွားတာနေမယ်။ နင့်အကြောင်းကို လုံးဝစကားအစမခံဘူး""အင်း ... ငါလည်းတော်တော်လွန်သွားတယ်""ပြီးတော့ ...""ပြီးတော့ ဘာဖြစ်လဲ"ဆက်မပြောဘဲ နှုတ်ခမ်းကိုသပ်ပြီး မျက်မှောင်တွေ့ကျုံ့ကာ စတီယာရင် ပေါ်က လက်ချောင်းတွေကို တစ်ချက်ချင်းတောက်နေတာ ကြည့်ပြီးသိလိုက် တယ်။ မြသော်က စိတ်လှုပ်ရှားရင် အဲဒီလိုပဲလေ။ ဘာဖြစ်တာပါလိမ့်။"ဒီကိစ္စ အစ်ကိုက နင့်ကို မပြောနဲ့လို့တော့ မပြောပါဘူး။ ဒါပေမယ့် နင် မသိစေချင်ဘူးလို့တော့ ထင်တယ်။ ဆိုပေမယ့် ငါကကျတော့လည်း နင့်ကို သိထား စေချင်တယ်""ဘာဖြစ်တာလဲ သော်ကရာ""အင်း ... အခု ကားတိုက်မှုကအစ်ကိုက တိုက်လိုက်တာ လင်းစက်""ဘယ်လို ... ကိုကိုက တိုက်လိုက်တာလား""ဟုတ်တယ်။ သောက်ထားပြီး အရှိန်မထိန်းနိုင်ပုံပဲ။ ဟိုဘက်ကလည်း မူးနေတာပဲဆိုတော့""ဘာဖြစ်သွားသေးလဲ ဟိုဘက်ကရော""မဖြစ်ဘူး ဘာမှ။ သူတို့ကလည်း ကားပဲပြင်ခိုင်းတာပါ။ သူတို့လည်း အရှိန်များနေတာဆိုတော့လေ""အာ တော်သေးတယ်""ဒါပေမယ့် အစ်ကိုက တိုက်လိုက်တာအပြင် သောက်လည်းသောက် ထားသေးတော့ အမှုဖြစ်တယ်လေ။ အဲဒါ ငါ့ကိုအာမခံနဲ့ ထုတ်ပေးဖို့ ခေါ်တာ""ဘာ ... ကိုကို စခန်းရောက်သွားသေးတာပေါ့""အေး ဟုတ်တယ်။ အဲဒါကြောင့် ငါသွားထုတ်လာတာ။ မမပန်းလေးကို ကျတော့ သူလည်းရှက်တယ်ထင်ပါတယ်။ နင့်ကိုလည်း သူမပြောချင်တော့ ကြံရာ မရနဲ့ ငါ့ကိုလှမ်းဆက်သွယ်လာတာ""ကိုကိုကကွာ ငါ့ကိုဘာလို့ မဆက်ရတာလဲ။ ဒီလောက်ဖြစ်နေတာကို""ဟဲ့ နင့်ကိုအဲဒီလိုပုံစံပြချင်ပါ့မလား""ဘာနေနေလေကွာ ငါက သူ့မိသားစုပဲကို""အေး နင်တို့ရန်ဖြစ်ထားကြတာကို""ဒုက္ခပါပဲ ကိုကိုတစ်ယောက်နဲ့တော့""အဲဒါ နင်သိစေချင်လို့ ပြောတာ။ လိုင်စင် ခဏအသိမ်းခံထားရတယ် အစ်ကိုက။ ဘာပဲဖြစ်ဖြစ် နင် ခဏ လျှော့ပေးလိုက်ဦး။ သူစိတ်အခြေအနေလည်း မကောင်းဘူး""အေးပါဟာ ကျေးဇူးပါ သော်ကရာ။ နင့်မှာ အခုထိ ငါတို့အတွက်နဲ့ အလုပ်များရတုန်း""တော်စမ်းပါဟယ်။ နင်ကငါ့မောင်ပဲလေ။ ငါမလုပ်လို့ ဘယ်သူလုပ်ပေး မှာလဲ"မျက်မှန်ကိုပင့်ရင်း ခပ်စွာစွာပြန်ပြောတော့ သဘောတကျနဲ့ ရယ်မိရ သေး။ မြသော်ကရဲ့ ချစ်ခြင်းကတော့ ကျွန်တော့်အတွက် တစ်သက်လုံး မိုးထားပေး နိုင်မယ့် အရိပ်ပါပင်။"အခု ငါ့ကို လာခေါ်တာရောဘာမှမပြောဘူးလား။ ဖုန်းဆက်လိုက်ရော ပေါ့။ ငါထွက်လာမှာပေါ့။ နင် ဒီအချိန်ကြီးကွာ""နင့်ကိုဆေးရုံလာခိုင်းရင်လန့်ဖျပ်ပြီး အတင်းမောင်းလာမှာစိုးလို့လေဟ။ အစ်ကို့က နင့်ကိုမသိစေချင်သလိုပဲ ဆိုပေမယ့် ငါကပြောလိုက်တာ သူသိတော့ သိရမယ်အစ်ကိုလို့။ နင်စိတ်ပူနေမစိုးလို့လေ"ဆေးရုံရောက်တော့ သော်ကကိုပါ မစောင့်နိုင်။ အပြေးဝင်ကြည့် မိတော့ ကျွန်တော့်ကိုမြင်တာနဲ့မျက်နှာကိုလွှဲသွားတဲ့သူ။ ရင်ဟာ အောင့်ခနဲ။"ကိုကို ... ဘာဖြစ်သွားသေးလဲဟင်"ခေါင်းပဲခါရမ်းပြတော့ ကိုယ့်ဘာသာပဲ ကြည့်ရတယ်။ မျက်နှာမှာ ပွန်းပဲ့ ရာတွေနဲ့အတူလက်မှာလည်း ပတ်တီးအကြီးကြီး စည်းထားတာမြင်တော့ စိတ်က မကောင်း။"ကိုကိုဗျာ ... ကျွန်တော့်ကိုဘာလို့မဆက်ရတာလဲ။ ကျွန်တော့်မှာ စိတ် တွေပူလို့"နှုတ်ခမ်းကိုမဲ့ရင်း ရယ်တော့ ဒီကောင်က နာကျင်ရပါတယ်။ အနားကို သွားပြီး လက်ကိုကိုင်တော့လည်း အထိမခံဘူး။"ကိုကို စိတ်ဆိုးနေတုန်းလား""မဆိုးပါဘူး။ စကားလည်း မပြောချင်ဘူး နားချင်တယ်""အင်းပါ ကိုကိုနားလိုက်ဦးလေနော်။ သော်က ကိုကိုကဆေးရုံမှာဆက်နေ ရဦးမှာလားဟင်""မနေရဘူး ပြောတယ်ဟ။ ဆေးသွင်းထားလို့ ခဏတော့ နားနေရမယ် တဲ့။ ပြီးရင် ပြန်လို့ရပြီ။ တစ်ပါတ်တစ်ခါ ပတ်တီးလာဖြေပြီး ဆေးထည့်ပေးရမယ် ဒါပဲ"သော်ကက နံရံနောက်မှာ မှီရပ်ပြီး လှမ်းပြောတယ်။ မောင်းလာတာက သူဖြစ်ပေမယ့် မောနေတဲ့ ကျွန်တော့်ကို ကြည့်ပြီးရေတစ်ခွက်ကမ်းဖို့ကိုလည်း မမေ့ရှာ။"ကျေးဇူးဟာ နင်ပင်ပန်းသွားပြီ။ ပြန်နှင့်မလား ကိုကိုနားတုန်း ငါပြန် လိုက်ပို့မယ်လေ""နေပါစေ ငါ နင်တို့ကို ပြန်ပို့ပြီးမှ သွားမယ်""အဲဒါဆို ကိုကိုမှိန်းလိုက်ဦးနော်။ မနက်လင်းမှ ပြန်ကြမယ်လေ။ ခဏနေ လင်းတော့မှာပဲ""ဟုတ်တယ်အစ်ကို နားလိုက်ဦး။ မနက်မှ သော်လိုက်ပို့မယ်""သော် ...""ဟုတ် အစ်ကို""ကိုယ့်ကို မေမေတို့အိမ်ပဲ ပို့ပေးပါ""ဟင် ... ဘာလို့လဲ ကိုကိုကျွန်တော်နဲ့ပြန်မယ်လေ"ကျွန်တော် ကမန်းကတမ်း ဝင်မေးပေမယ့် ကိုကိုကသော်ကကိုသာ ငေး ကြည့်နေခဲ့တယ်။"အန်တီစိတ်ပူမယ်ထင်တယ် အစ်ကိုရဲ့""ရတယ် အစ်ကိုပြောလိုက်မယ်။ ပန်းလေးလည်းရှိတော့ ဆေးထည့်တာ ပြုတာကအစအဆင်ပြေတယ်လေ""အာ ... အဲဒီလိုတော့ ဟုတ်သားနော်။ ဒါဆိုလည်း အရင်သွားလိုက် မယ်လေ နော် ကိုကို။ အခု ခဏနားလိုက်။ ကျွန်တော်စောင့်နေမယ်""မစောင့်နဲ့ ပြန်တော့""ဘာလို့လဲ မပြန်ချင်ဘူး""ပြန်ပါ မနက်အလုပ်သွားရဦးမှာမဟုတ်လား""ခွင့်ယူလိုက်မယ် ရတယ်""တော်ပါပြီ အမေ့အိမ်ပဲဟာ ပန်းလေးလည်းရှိတာပဲ။ ဘာမှမဖြစ်ဘူး""ဘာလို့တုန်း ... မရဘူးလိုက်မှာပဲ""ကဲ ကဲ ... တော်ပြီ လင်းစက်။ နင်လည်းလိုက်ခဲ့လိုက်။ အစ်ကိုကလည်း သူ့ကိုမနိုင်ဘဲနဲ့ ပြောမနေနဲ့။ အစ်ကို့ကို သူကဘယ်လိုလုပ်လွှတ်နိုင်မှာလဲ။ဒီကောင် ဘီးဖက်ပြီးတောင် လိုက်နေမယ်""နင်ကလည်း ဘယ်သူ့ဘက်ကတုန်း""ဘယ်သူ့ဘက်ကမှ မဟုတ်ဘူးဟေ့။ လာ အစ်ကို နားပါစေ။ ငါတို့ ကန် တင်းမှာ ကော်ဖီသွားသောက်မယ်။ ကော်ဖီတိုက် ငါ့ကို""အေးအေး ... ကိုကို ကျွန်တော်ပြန်လာခဲ့မယ်။ ဆေးသွင်းထားတာ ဆို တော့ အိပ်လိုက်နော်"ဘာမှပြန်မပြောဘဲ မျက်လုံးတွေကိုသာ မှိတ်ချလိုက်ပြန်တော့လည်း သက်ပြင်းသာတွင်တွင်ချရတော့တယ်။ လူလည်း မူးနောက်နေပါပြီ။ကန်တင်းရောက်တော့ သော်ကနဲ့ ကော်ဖီအတူသောက်ရင်း စကားပြော ဖြစ်ကြတယ်။"နင်အခုတလော ပျောက်နေတာရော်။ ဘယ်တုန်းက ပြန်ရောက်""အေး အဲဒါပြောတာလေ ပုံမှန်ဆို ငါက ရန်ကုန်မှာရှိနေတတ်တာလည်း မဟုတ်ဘဲနဲ့ကို။ တိုက်တိုက်ဆိုင်ဆိုင် မနေ့ကမှ ပြန်ရောက်နေတာ""နင် ပြန်မရောက်သေးဘူးဆိုရင်တောင် ကိုကိုက ငါ့ကိုတော့ ဆက်မှာ မဟုတ်ဘူးထင်တယ်နော်""အင်း ... အစ်ကိုက စပြောကတည်းက နင့်အကြောင်းလုံးဝအဟမခံဘူး။ တော်တော်တင်းမာနေပုံပဲဟဲ့။ နင်ဘာတွေ လုပ်ထားပြန်တုန်း ခွေးကောင်""အာ ... ငါက ဘာလုပ်ရမှာလဲဟ။ ငါ့ကို ကလေးလို လိုက်ကြပ်နေလို့ နည်းနည်းပါးပါးစကားများတာကို အိမ်ပေါ်ကဆင်းတာ။ ကလေးလား သူက""ဟဲ့ ... နင်ပဲတတ်နိုင်တယ်။ အရင်ကတော့ ကိုကို့ကလေးလေးဆို။ ဘာ အခုမှ ချုပ်ချယ်တယ်လဲ""မဟုတ်ဘူးလေဟာ ငါပြောတာ ချစ်တာကို ငါသိပါတယ်။ ငါလည်း အရွယ်ရောက်နေပြီကို သူလိုက်ပူနေတော့ အနေရ ကြပ်တာပေါ့ဟ""အေးပါ ဒါ နင်တို့နှစ်ယောက်ကြားက ပြသနာပဲ။ လူတိုင်းက ကိုယ့် အကြောင်းပြချက်နဲ့ ကိုယ်ကိုး လင်းစက်ရဲ့။ လူနှစ်ယောက်နေတာ ဆိုတော့ သဘောထားချင်းမတိုက်ဆိုင်ကြတာတော့ ရှိမှာပါ။ ညှိယူရတာပေါ့""အံမယ် သိသလိုလိုလုပ်ပြန်ပြီ။ နင်က ရည်းစားတောင်ရှိတာကျ အရူးမ""ဟဲ့ မလိုဘူးလေ။ ဒီလောက်တော့သိတာပေါ့""ငါမေးဦးမယ် နင် တကယ် အိမ်ထောင်မပြုတော့ဘူးလား""ဘာလို့လဲ ငါအရမ်းလွတ်လပ်နေတာကို နင်ကြည့်မရဖြစ်နေတာလား ကောင်စုတ်""နည်းနည်းပေါ့"သော်ကက လှမ်းထုတော့ ရှောင်ရင်းနဲ့ နှစ်ယောက်သား ရယ်မိရတယ်။ ဒီလို လွတ်လွတ်လပ်လပ် မတွေ့ကြရတာတောင် ဘယ်လောက်ကြာပြီလဲ။ သူက လည်း အလုပ်တအားများသကိုး။"ငါ အိမ်ထောင်မပြုဖြစ်လောက်ဘူး လင်းစက်"အတည်ပေါက်ကြီးပြောနေတော့လည်း နားထောင်ရပြန်တယ်။"အင်း ... ဘာလို့လဲ""ဒီတိုင်းပဲ ... ဒီလိုလေးပဲ ငါ့ဘာသာငါ လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်ရာ လုပ်နေရတဲ့ ဘဝကို ပျော်တယ်။ တစ်ယောက်ယောက်ရှိလာခဲ့ရင် ငါ့ဒီလိုပုံစံကို ဘယ်လိုပဲ လက်ခံနိုင်တယ် ပြောပြော အတူတူတော့ ရှိချင်ကြမှာပဲလေ။ ငါနဲ့ အကုန်တူနေရင်တော့ တစ်မျိုးပဲ။ ငါချစ်တဲ့သူကို မခံစားစေချင်ဘူး။ ငါ့ဘ၀ထဲဆွဲ သွင်းပြီးမှ မနာကျင်စေချင်ဘူး။ ပြီးတော့ ငါကလည်း မပြောင်းလဲနိုင်လောက်တော့ ဘယ်သူမှ ဒုက္ခမရောက်တာ ကောင်းပါတယ်ဟာ""မြသော်ကရယ် နင်ဟာလေခေတ်ဆန်လာပြီမှတ်တာ။ အဲဒီလိုလျှောက် တွေးတဲ့အကျင့်ကြီးကမပျောက်ဘူးနော်"သူ့ဆံပင်တွေကို ဆွဲဖွရင်းပြောတော့ မျက်စောင်းပျံကဒိုင်းခနဲ။"ကြိုတွေးရတာပဲ ကောင်စုတ်ရဲ့ အဲဒါမှ အဆင်ပြေမှာလေ""ဘာဖြစ်လဲ နင်အများကြီးတွေးမနေနဲ့။ လူတွေကတကယ်တမ်း ချစ် လာတဲ့အခါကျ ပြောင်းချင်လည်း ပြောင်းသွားနိုင်တာပဲ။ နောက်ပြီး ပြောလို့ဘယ်ရ မလဲ နင့်လိုတစ်ပုံစံတည်းတူတဲ့သူနဲ့ နင်မတွေ့နိုင်ဘူးလို့လေ။ နင်တို့အချင်းချင်း အကုန်တူနေရင် နင်နေချင်တဲ့အတိုင်းလေး အတူရှိလိုက်လို့ရတာပဲ""အေးနော် ... ဒီလိုကျ နင်ကတော်ပြန်ရော။ သုံးလို့ရတာတော့ရှိသေး သား""တယ် ... အဖေကိုစော်ကားပြန်ပြီ ဒီသမီးမိုက်""ဒယ်ဒီ သမီးကို မုန့်ဖိုးပေး""အကြွေးမှတ်ထား သမီးလေး။ ဒယ်ဒီလစာထုတ်တော့ ပေးမယ်နော်။ အခုတော့ဒယ်ဒီ့ယောကျာ်းအတွက်ဆေးဖိုးရှာလိုက်ဦးမယ်""အား ... နင်နဲ့တော့ ငါရယ်ရလို့ သေပြီ။ လာပါဦး ငါ့မောင်လေးကို လွမ်း နေတာ ဖက်ရအောင်"တွေ့ရတဲ့အချိန်က နည်းပေမယ့် တွေ့တိုင်းလည်း အနည်းဆုံးတစ်ကြိမ် တော့ ကျွန်တော့်ကိုကြင်ကြင်နာနာဖက်ထွေးထား ပေးတတ်တဲ့ မြသော်ကဟာ ကျွန်တော် နောက်တစ်ကြိမ် ဘယ်တော့မှ မဆုံးရှုံးချင်တော့တဲ့ အမျိုးသမီးတစ် ယောက်ပဲဖြစ်ပါတယ်။"မိုးတောင်လင်းတော့မယ် အစ်ကိုအိပ်ပျော်သွားလားမသိဘူး""ဆေးအရှိန်နဲ့တော့ အိပ်လောက်မယ်ထင်တယ်။ ဘဲကြီးက ရေလည် ကောက်တာကွာ""ဟဲ့ လူကြီးကို""မကြားပါဘူးဟ နင်ကလည်းဟီးဟီး""နင် သေမယ်နော် ငါပြန်တိုင်မှာ""မတိုင်နဲ့ လုပ်မယ်""ဒါပေမယ့်လေ အစ်ကို နင့်ကို ဒီလောက်စိတ်ဆိုးနေတာတော့ ငါတစ်ခါပဲ မြင်ဖူးသေးတယ်။ ဘယ်အချိန်မဆို နင်တစ်ခွန်းပဲလေ အစ်ကိုက""အေး ... ဒီတစ်ခေါက် တော်တော်ကြီးသွားတာ။ မသိတော့ပါဘူး ငါ လည်း စိတ်တွေရှုပ်နေလို့""ဘာဖြစ်လို့လဲ နင်က။ ဘာကိစ္စရှိလို့လဲ"သူ့ကိုပြောပြလိုက်ရင် ပေါ့သွားမယ်ဆိုတာ သိပေမယ့် ဒီလောက်အထိ တွေပါ လိုက်ပြီးမပူပန်စေချင်တော့ပါဘူး။ အတိတ်ကကိစ္စတွေနဲ့ မျက်နှာပူစရာ ဖြစ်ရတဲ့အထဲ အခုလို လိုက်လုပ်ပေးနေရတာတောင် အားနာလှပြီ။"ဘာမှမဟုတ်ပါဘူးဟာ အလုပ်ကိစ္စပါ""အေးလေ ငါသိပါတယ်။ နင်ဆိုတဲ့ကောင်က တစ်ခါချစ်ပြီးရင် တစ်သက် လုံးချစ်သွားမယ့်ကောင်ဆိုတာကို"ကျွန်တော် ပြုံးလို့သာနေမိတော့တယ်။ ဟုတ်တယ်လေ ... ကျွန်တော် တစ်ဘဝလုံးစာအသက်ရှင်နေသမျှ ဒီအမျိုးသားကိုပဲ ချစ်နေတော့မှာအသေအချာ။---------- *** —-------- *** —--------​ကိုကိုတို့အိမ်ရောက်တော့ ၆ နာရီလောက် ရှိနေပြီ။ ကိုကို့အမေက သူ့သားကြီးကို ဒီပုံစံနဲ့မြင်ရတော့ ထိုင်ငိုနေတာပဲ နာရီဝက်လောက်။"သော် ... အစ်ကိုကျေးဇူးတင်ပါတယ်နော်။ ပြန်နားလိုက်ဦး ညီမလေး""အာ မဟုတ်တာ ရပါတယ်။ အစ်ကိုသာ အေးအေးဆေးဆေးနား""သော်က ငါပြန်လိုက်ပို့မယ်လေ""သော် သော့်သူငယ်ချင်းကိုပါ ခေါ်သွားလိုက်ပါ"အန်တီရော၊ မမပန်းလေးရောမျက်လုံးတွေပြူးလို့။ ကိုကိုကတစ်ခါလေး တောင် ကျွန်တော့်ကို ခွဲဖို့ပြောဖူးတာ မဟုတ်ဘူးကိုး။"ကိုကို ကျွန်တော် မပြန်ဘူးနော်။ ကိုကိုနားချင်နားလို့ရတယ်။ ကျွန်တော် ဒီမှာပဲနေလို့လည်း ရနေတာကို။ နှစ်ရက်သုံးရက်နားပြီး ကိုကိုသက်သာမှ အိမ် အတူပြန်ကြမယ်လေနော်""အေးလေ သားကြီးရဲ့ အိမ်မှာ သားအခန်းရှိနေတာပဲ။ နေကြပေါ့။ နေနေ က သားကိုစိတ်ပူမှာပေါ့ သားရယ်""ဟုတ်တယ်လေ ကိုကိုရ။ အိမ်ကနေ ရုံးတက်လည်း ရတာပဲကို"မမပန်းလေးရော အန်တီပါ ဝင်ပြောပေမယ့် ကိုကိုကမျက်နှာကို လွှဲထား ပြီးနှုတ်ခမ်းကို တင်းတင်းစေ့ထားတယ်။"ပြန်လိုက်ပါ။ ကိုယ်အခုလတ်တလော တစ်ယောက်တည်းပဲ နေချင် တယ်။ စကားလည်းမပြောချင်ဘူး""မဟုတ်သေးပါဘူး ကိုကိုရာ"" မမပန်းလေး သော့်ကိုမနက်စာကျွေးပါလား ဘာရှိလဲ။ အန်တီ ဖျော်တဲ့ ကော်ဖီ မသောက်ရတာကြာပြီ"မြသော်က က အကင်း ပါးပါးနဲ့ ကျွန်တော်တို့ နှစ်ယောက်တည်း ပြောရ အောင် ချန်ခဲ့တော့မှ ဆက်ပြောရတယ်။"ကိုကို ဘာသဘောလဲတစ်ယောက်တည်းနေချင်တယ်ဆိုတာ""ကိုယ်ထွက်သွားမယ်လို့ မင်းကို ပြောပြီးသားလေ။ မင်းပဲကြိုက်တာ လုပ်လို့ရတယ်ဆို""အဲဒါစိတ်ဆိုးတုန်းပြောတာလေဗျာ""ညီ ..."ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး ပြောတော့ ငြိမ်သက်ပြီး ငေးမောရ ပြန်တာပဲ။"ကိုယ်တို့ ခဏ အချိန်ယူရအောင်လား"ရင်ထဲက နာကျင်မှုကို ကျွန်တော်မဖော်ပြတတ်တော့ပါဘူး။"ကိုကိုရာ""ကိုယ့်ကို တစ်ယောက်တည်း ပေးနေပါ။ ကိုယ်အချိန် ခဏယူချင်တယ်။ မင်းလည်း အချိန်ယူပါ။ ကိုယ်တို့ဆက်ရှိနေဖို့ စဉ်းစားကြည့်ပေါ့"လက်နှစ်ဖက်နဲ့ မျက်နှာကိုအုပ်ပြီး သက်ပြင်းမောတွေသာ ချမိတယ်။"ဘာ ဆက်ရှိဖို့လဲ ကိုကို။ ဘာတွေပြောနေတာလဲ"သည်းမခံနိုင်လွန်းစွာ အော်ဟစ် ပစ်လိုက်ပြီးမှ လူနာဆိုတာကို သတိရ သွားတယ်။" မင်းဘာသာ မင်း စဉ်းစားကြည့် ကိုယ်ခဏ ဒီတိုင်းပဲနေဦးမယ်။ အချိန် တစ်ခုရောက်ရင် ကိုယ်ပြန်ပြောပါ့မယ်""အဓိပ္ပါယ်မရှိတာတွေဗျာ ကိုဘုန်းလင်္ကာ ခင်များဘာဖြစ်နေတာလဲ။ ဘာ ဖြစ်နေတာလဲလို့""ဘာဖြစ်နေတာလဲလို့ ကိုယ် ထပ်ပြောစရာမလိုတော့ဘူး ထင်တယ် နေအလင်းစက်။ မင်းပြန်တော့""ခင်များကျွန်တော့်ကိုမောင်းထုတ်ပြန်ပြီနော်""မင်းအရင်ကိုယ့်ကို မောင်းထုတ်ခဲ့တာပါ"လူက ခေါင်းရှုပ်၊ စိတ်ရှုပ်နဲ့ပါဆို ကိုကိုကပါ ဂျစ်တိုက်သလို အနေ အထားမှာ ကိုယ့်ဘက်ကလွန်ခဲ့တာ သိပေမယ့် ဘယ်လိုမှ ထိန်းချုပ်မရ။ ချော့ချင် နေပါရဲ့နဲ့ အချော့မခံတော့ ပိုစိတ်ဆိုးလာသလိုမျိုးလေ။ ဒေါသကို ပုံချစရာမရှိတာနဲ့ ဘေးကနံရံကို လက်နဲ့ အားကုန် ထုချမိတော့ အကုန်ပြေးဝင်လာကြတယ်။ ကိုကို ကတော့ မျက်လုံးတစ်ချက်လက်ခနဲ ဖြစ်သွားပေမယ့် ဘာမှမပြော။"လင်းစက် မလုပ်ရဘူးလေ။ အေးဆေးပြောလေ""သော်ကရာ ကိုကိုက ကိုကိုက မမိုက်ဘူးကွာ"မမပန်းလေးက လက်ကိုဆွဲခေါ်ပြီး ဆေးထည့်ပေးနေပြီး အန်တီကတော့ ကိုကို့ကို ဆက်မေးနေတယ်။ သော်ကကတော့ ကျန်တာထက် ကျွန်တော့်ကိုသာ ကြည့်နေခဲ့တာ။"လင်းစက် ငါပြောတယ်လေ အစ်ကို စိတ်အဆင်ပြေမနေဘူးလို့။ နင် နည်းနည်းလျှော့ပေးလိုက်ပါဆိုနေ""ငါလျှော့ပေးတာပဲသော်ကရာ။ နင့်အစ်ကိုကမရဘူး။ ငါဘာလုပ်ရမှာလဲ"မြသော်ကပခုံးပေါ် ပင်ပန်းစွာမှီချမိတော့ မမပန်းလေးက ကိုကို့ဆီ ထ ထွက်သွားတယ်။ နောက်တော့ ပြန်လာပြီး"နေနေ ခလေး။ သားအရင် ပြန်နှင့်လိုက်နော် သိလား။ သားအစ်ကိုက တအားစိတ်ထိခိုက်နေပုံပဲ။ ကိုကို ဒီလိုဖြစ်တာ မမလည်း တစ်ခါမှမမြင်ဖူးဘူး။ ကိုကိုကအခုမှ ဆေးသွင်းထားတာဆိုတော့ ပင်လည်း ပင်ပန်းနေလောက်ပြီ။ ပေး နားလိုက်ကြရအောင်လေနော်"ကိုကို့ကို လှမ်းကြည့်မိတော့ နှုတ်ခမ်းကို တင်းတင်းကြိတ် ကိုက်ထားပြီး လက်သီးကို ဆုပ်ထားတာများ အဝေးကနေတောင် အကြောတွေကို မြင်နေရ တယ်။ လက်က ပတ်တီးကြီးနဲ့ကို။ တကယ်ပါပဲ။"သားလေး နေနေ။ မင်းတို့ ဘာတွေဖြစ်လာလဲ မသိပါဘူးကွယ်။ အခု တော့ သားကပဲ စိတ်လျှော့ပြီးပြန်လိုက်နော်။ သားကြီးက အနာကြီးနဲ့ကို နေနေက ပဲလျှော့ပေးပါ။ အန်တီတောင်းပန်ပါတယ်ကွယ်""မဟုတ်တာ အန်တီ။ ကျွန်တော်တို့ ပြသနာကို အန်တီတို့ဆီ သယ်လာ ရတာပဲ အားနာလှပါပြီ။ ကျွန်တော်ပြန်လိုက်ပါ့မယ်။ ကိုကို စိတ်ပြေချိန်လောက်မှ ပြန်လာခဲ့မယ်""အေးပါ စိတ်မပူနဲ့ မင်းအစ်ကိုကို အန်တီတို့ သေချာကြည့်ထားမယ် ဟုတ်ပြီလား""ဟုတ်ကဲ့ အန်တီ သော်ကထ သွားမယ်"သော်က က အိမ်အထိ လိုက်ပို့ပေးပြီးတော့ ကျွန်တော့်မှာဆက်လည်းမအိပ်နိုင်။ ရုံးကလည်း အရေးကြီး မီတင်ရှိတော့ သွားရပြန်သေးတယ်။ လူတစ် ကိုယ်လုံးက ငြီးစီနုံးခွေလို့။ နောက်တစ်ရက်ကျ ခွင့်ယူပြီး ကိုကို့နားသွားမယ် ကြံ ကာမှ ရုံးက အရေးကြီး ပရောဂျက်တစ်ခုနဲ့ မြဝတီကို လွှတ်လိုက်တယ်။ ကိစ္စတွေ ကလည်း ရှိထားတော့ ရုံးကလွှတ်တာကို ငြင်းဖို့ကမလွယ်။ဒါနဲ့ပဲ ကိုကို့ကို ချက်ချင်းသွားတွေ့ပြီး ခရီးသွားမယ့်အကြောင်းပြောတော့ ခနဲ့ပြီးရယ်ပြန်တယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကိုကို ခနဲ့လည်း ခနဲ့ချင် စရာပဲ။ မနေ့ကတော့ စောက်ပိုတွေပြောခဲ့ပြီး နောက်ရက်ကျ လူနာကို ထားခဲ့ သတဲ့။ နေအလင်းစက်ရေ ... မင်းရဲ့ကံကောင်းတဲ့အချိန်တွေ ကုန်သွားပြီထင်ပါရဲ့---------- *** —-------- *** —--------

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now