Zawgyi
အတန်းဆင်းပြီဆိုတော့ အခန်းထဲတွင်တစ်ယောက်မှရှိမနေတော့။ တိုင်ကပ်နာရီဆီအကြည့်ရောက်တော့ 6 နာရီထိုးပြီ။ အိမ်ပြန်ချင်စိတ်လည်း သိပ်မရှိတာနဲ့ assignment တချို့ကို ပြန်စစ်နေလိုက်သည်။ အရင်ကဆို ကျောင်းဆင်းပြီဆိုတာနဲ့ လုပ်စရာရှိတာတွေကို လက်စသတ်ပြီး အိမ်ကိုတန်းပြန်တတ်တဲ့ကျွန်တော် အိမ်မှာညီလည်းမရှိရော ကျောင်းဆင်းရင်လည်း တစ်ယောက်တည်းလည်ပြီး ဟိုလုပ်ဒီလုပ်နဲ့ 8 နာရီလောက်မှ အိမ်ပြန်ရောက်၊ ထမင်းစားချင်လည်းစား မစားချင်လည်း ပေါင်မုန့်လောက်စားပြီး အိပ်တော့တာပဲ။ မနက်ဆိုလည်းအစောကြီးနိုးပြီး ကျောင်းလည်းအစောကြီးရောက်လို့ရောက်နဲ့ ကျွန်တော်တကယ်ကိုယောင်ချာချာ။
ညီ့အဖေတော်တော်လေးနေမကောင်းသဖြင့် ခဏပြန်လာပါဟု ညီ့အမေကခေါ်ရာ ညီ့မှာခွင့်ယူပြီးကမန်းကတန်းပြန်သွားရ၏။ ကျွန်တော့ကိုခေါ်ပေမယ့် နေမကောင်းတဲ့သူနဲ့ကျွန်တော့ကြား ညီနေရခက်မည်ကိုမလိုလားတာမို့ တစ်ယောက်တည်းပင်လွှတ်လိုက်ရသည်။ 2 ရက် သုံးရက်ပါပဲဟုဆိုသော်လည်း ဒီနေ့နဲ့ဆို 4 ရက်ရှိပြီ။ မိသားစုအရေးမို့ ကျွန်တော့ကိုညီနောက်ဆံမတင်းစေချင်တာနဲ့ ဖုန်းတောင်သေချာမဆက်ဖြစ်။ ညီလည်းတစ်နေ့တစ်ခါလောက်ပင်ဆက်နိုင်သည်။ အခွင့်သင့်ခိုက် အဖေနဲ့ပြန်လည်သင့်မြတ်ရေးဖြစ်ပါစေတော့ဟု အေးအေးဆေးဆေးမှ ပြန်လာခဲ့ဖို့မှာလိုက်ပေမယ့် ဘာရယ်မဟုတ် ကျွန်တော်စိတ်လေးမိပြန်သည်။ နှစ်နှစ်တာကာလမှာ ကျွန်တော်ဘာမှစိတ်မပူခဲ့သည့်တိုင် အခုလိုတစ်ယောက်တည်းပြန်လွှတ်လိုက်ရသည့်အခါ ဘယ်လိုပြောရမလဲ ညီပြန်မလာမှာကိုပူတာလည်းမဟုတ်၊ ညီ့စိတ်ကို ကျွန်တော်အသိဆုံးမဟုတ်လား။ ဒါပေမယ့်လည်း ဒါပေမယ့်လည်းပေါ့ ....။ သက်ပြင်းတစ်ချက်ချရင်း အိမ်ပြန်ဖို့သာပြင်လိုက်သည်။ အိမ်ရောက်တော့လည်း ညီမရှိသည့်အခန်းက ကျွန်တော့်အတွက်ကျယ်လွန်းနေသယောင်။ အိပ်ခါနီးအထိ သူ့အတွေ့အကြုံတွေ ကိုယ့်အတွေ့အကြုံတွေပြောပြရင်း ရယ်ရင်းဖြင့်ပင် တစ်နေ့တာကုန်ရသူမို့ အခုလိုတိတ်တိတ်ဆိတ်ဆိတ်အခြေအနေကြီးမှာ ကျွန်တော်နေသားမကျ။ မေမေတို့အိမ်သွားနေရင်ကောင်းမလား။ မဖြစ်သေးပါဘူး သူ့ဟာလေးမရှိမှလာတယ်ဆိုပြီး စကားနာထိုးနေမှ။ ညီရေ ..... ကိုယ်လွမ်းလိုက်တာ ကလေးရယ်။
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo