Suicide Diaries [Part 2] U

188 21 13
                                    

အရင်ကအဖြစ်အပျက်တချို့ကို အိပ်မက်ဆိုးအဖြစ် ပြန်မက်ခဲ့တာကြောင့် ကျွန်တော် အိပ်ရာကနေ လန့်နိုး လာခဲ့တယ်။ ကျွန်တော်နိုးတော့ Jeongin က အိပ်ခဲ့ကြတုန်းကအတိုင်း ကျွန်တော့်ကို ထွေးပွေ့ထားတုန်းပါပဲ။ ကျွန်တော် နာရီကိုလှမ်းကြည့်လိုက်တော့ မနက် 4 နာရီဖြစ်နေပြီ။ ဒါပေမယ့်လည်း အိပ်ရာထဖို့တော့ စောလွန်းနေတာမို့ သူ့လက်မောင်းတွေကြားထဲမှာပဲ အပူပင်ကင်းကင်း ပြန်အိပ်လိုက်တော့တယ်။

အရင်ကဆို ကျွန်တော်တို့ ချစ်ခဲ့ကြတဲ့ညတွေပြီးတိုင်း မနက်စောစောထပြီး သူ့အတွက် မနက်စာလုပ်ပေးလေ့ရှိပေမယ့် ဒီနေ့မှ အချိန်မှန်မနိုးပဲ နှစ်နှစ်ခြိုက်ခြိုက်ဆက်အိပ်ခဲ့မိတယ်။

ကျွန်တော်ပြန်နိုးတော့ အတော်လေးလင်းနေပြီ။ ဘေးနားမှာ Jeongin လည်း မရှိတော့သလို ကျွန်တော့်ခန္ဓာကိုယ်မှာလည်း တစ်ခုခုလစ်ဟာနေသလို ခံစားနေရတယ်။ နာရီကို လှမ်းကြည့်လိုက်တော့ မနက် 8 နာရီထိုးနေပြီ။

Jeongin အတွက် မနက်စာလုပ်ပေးဖို့ အတော်လေးနောက်ကျနေပြီဖြစ်တာကြောင့် ကုန်းရုန်းထလို့ တွေ့တဲ့အင်္ကျီကောက်စွတ်ပြီး အောက်ထပ်ဆင်းလာခဲ့လိုက်တယ်။ ဒါပေမယ့်လည်း တစ်အိမ်လုံးက တိတ်ဆိတ်နေပြီး Jeongin ရဲ့ အရိပ်အယောင်တောင်မတွေ့ရ။

"သူ အလုပ်သွားပြီလားမသိ။ ငါ စောစောထလိုက်သင့်တာ။ ဒီကလေး အစာခံနေဦးမယ်"

တစ်ယောက်တည်း ရေရွတ်ရင်း မီးဖိုချောင်ဆီရောက်လာတော့ ထမင်းစားစားပွဲပေါ်မှာ ဘူးလေးတစ်ဘူးနဲ့ စာလေးတစ်စောင်ကို တွေ့လိုက်ရတယ်။

နှစ်ခါစဉ်းစားမနေပဲ စာလေးကို ဖွင့်ဖတ်လိုက်တော့ ကျွန်တော့်စိတ်တွေ အစိုးမရတော့ပါလေ။

[Lix... ပထမဆုံးပြောချင်တာက ငါ မင်းကို သိပ်သဘောကျတယ်ဆိုတာပဲ။ ဒါပေမယ့်လည်း ငါ့မှာ ရွေးချယ်စရာမရှိခဲ့ဘူး Lix... မင်း ဒီစာကို ဖွင့်ဖတ်တဲ့အချိန်ဆို ငါ လေဆိပ်ရောက်နေလောက်ပြီ။ မနှုတ်ဆက်နိုင်ခဲ့လို့ တောင်းပန်ပါတယ်။ ငါရဲ့ ရွေးချယ်မှုကို ပြောပြပြီး နှုတ်ဆက်တဲ့အခါ ကျဆင်းလာမယ့် မင်းရဲ့ မျက်ရည်တွေကို ကြည့်နိုင်စွမ်းမရှိတာမို့။ ငါ့ကို လိုက်မရှာပါနဲ့။ မိဘတွေကို မလွန်ဆန်နိုင်တာမို့ ငါ မင်းကို မရွေးချယ်နိုင်ခဲ့တာ... ငါကိုက သူရဲဘောကြောင်ခဲ့တာပါ။ ငါပဲ မှားခဲ့တာမို့ ကိုယ့်ကိုယ်ကို အပြစ်ရှိစိတ်လည်းမဝင်နဲ့။ ဒီတိုင်း... ငါ့ကိုပဲ အပြစ်ပုံချပြီး ငါ့ကိုပဲ မုန်းတီးလိုက်ပြီး ဘဝကို ဆက်ရှင်သန်သွားပါ။ ပြန်မလာနိုင်တော့မယ့်ငါ့ကို မျှော်လင့်မနေပဲ နောက်ထပ်ချစ်ပေးနိုင်မယ့်လူတစ်ယောက် ရှာလိုက်ပါ။ အရာအားလုံးအတွက် တောင်းပန်ပေမယ့် ငါ့ကို ခွင့်မလွှတ်ပါနဲ့။ ငါကိုက မင်းနဲ့ မထိုက်တန်ခဲ့တာမို့]

Suicide DiariesWhere stories live. Discover now