Chapter 35
ဒါ ဘယ်သူကြီးလဲ...
ရှန်းလျိုရှန့် သိချင်စိတ်ဖြစ်လာသောကြောင့် မေးလိုက်မိသည်။
လူငယ်လေး၏အမူအရာက အနည်းငယ်တောင့်တင်းသွားပြီး သူ့မျက်နှာထက်မှ ပျော်ရွှင်ဝမ်းမြောက်နေသည့်အမူအရာက ဒီရေကဲ့သို့ ပြန်ကျသွားသည်။ သူ ရှန်းလျိုရှန့်၏လက်ကို တင်းကြပ်စွာ ကိုင်ထားလိုက်သည်။
" ငါက နျဉ်ယွင်ရှင်းပါ... ငါတို့တွေ နတ်ဆိုးနယ်မြေမှာ တွေ့ခဲ့ဖူးတယ်လေ... ဓားဂိုဏ်းကိုလာပြီး ငါ့ကိုရှာမယ်လို့တောင် ပြောခဲ့ဖူးသေးတယ်လေ ဒါပေမဲ့ မင်း တစ်ခါမှလည်း မလာခဲ့ဘူး... ငါ မင်းကိုရှာနေတာ တော်တော်ကြာပြီ ဘာလို့ ငါ့ကို မမှတ်မိရတာလဲ..."
ရှန်းလျိုရှန့်၏လက်များကို နာကျင်သည်အထိ ဖိညှစ်ခံထားရသောကြောင့် တိတ်တဆိတ် နှုတ်ခမ်းကိုစေ့ထားလိုက်သည်။
သူက အရေးကြီးသော ဇာတ်ကောင်တစ်ယောက် မဟုတ်သည့်အပြင် သူ့အကြောင်းများက ရံဖန်ရံခါသာ ပါဝင်ခဲ့သောကြောင့် ဝတ္ထုထဲမှ နျဉ်ယွင်ရှင်း၏အကြောင်းများကို ပြန်အမှတ်ရရန် ကြိုးစားလိုက်သည်။
အတိတ်တွင်မူ နျဉ်ယွင်ရှင်းက ဓားဂိုဏ်း၏ ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆင့်ကျသွားခဲ့ပြီး ရွှေအမြုတေအဆင့်တွင်သာ တစ်ဘဝလုံး နေခဲ့ရသည်။
" လူမှားနေတာဖြစ်မယ်..."
ရှန်းလျိုရှန့်က သူ့လက်ကိုပြန်ဆွဲယူရန် ကြိုးစားသော်လည်း တစ်ဖက်က သူ့ကိုပိုမိုတင်းကြပ်စွာ ဆွဲထားသည်။နျဉ်ယွင်ရှင်းက သူ့ကိုလျစ်လျူရှု့ထားပြီး သူ့စိတ်သူမထိန်းနိုင် ဖြစ်နေသည်။
" မင်း သူ့ကိုနာအောင် လုပ်နေတာပဲ..."
ကျိုးရွှမ်လန်၏ မျက်ဝန်းများက အေးစက်နေပြီး နျဉ်ယွင်ရှင်း၏လက်များကို တစ်ချောင်းချင်း ဆွဲခွာနေသည်။
" သူ့ကိုလွှတ်ပေးလိုက်..."နျဉ်ယွင်ရှင်းက နာကျင်နေသည်ကို ဂရုမစိုက်ဘဲ ရှန်းလျိုရှန့်ကိုသာ စူးစူးရဲရဲကြည့်နေသည်။
" ငါ လူမမှားပါဘူး... မင်းဘာလို့ ငါ့ကိုမသိချင်ယောင်ဆောင် နေရတာလဲ..."