Villain Shizun (Extra 10-2)
နတ်ဘုရားဝတ်ရုံက ရှုမိသားစု၏ အဖိုးတန်ဆုံးသော ရတနာဖြစ်၍ ရှုရှင်းချန်က သူ့ကိုပေးထားပုံရသည်။ သူတို့ညီအစ်ကိုနှစ်ယောက်၏ ဆက်ဆံရေးက ကောင်းမွန်နေပုံရ၍ တိယွင်ယွီ ဝမ်းသာသွားမိသည်။
ကြည့်ရတာ သူက နတ်ဘုရားဝတ်ရုံရှိလို့ အရမ်း ယုံကြည်ချက်ပြင်းထန်နေတာပေါ့... တကယ်လို့ ရန်သူအစစ်ရဲ့လက်ထဲကိုသာ ရောက်သွားပြီး ဝှက်ဖဲအစစ်နဲ့အတုကို သေချာမခွဲခြားတတ်ရင် ဒီလိုထုတ်ပြောလိုက်တာမျိုးက ကိုယ့်သေတွင်းကိုယ်တူးနေသလိုပဲ ဖြစ်နေမှာ...
ဒီလောက်ဆိုရင်ကို ရိုက်ပစ်ဖို့ ကောင်းနေပြီ...
တိယွင်ယွီက ရှေ့သို့တိုးကပ်လာစဉ် ရှန်းလျိုရှန့်က အောင်နိုင်သူသဖွယ် အမူအရာမျိုးဖြစ်နေ၍ သူ့ပခုံးကိုလက်ဖြင့်ဖိပြီး ကြောက်လန့်နေသည့် မျက်လုံးများထဲကြည့်ကာ အက်ရှရှအသံဖြင့် ပြောလိုက်သည်။
" ငါ ချွတ်လို့ရ မရ မင်းဘယ်လိုသိလဲ..."ရှန်းလျိုရှန့်၏ အမူအရာက အေးခဲတောင့်တင်းသွားပြီး သူ့မျက်နှာတစ်ခုလုံး ဖြူရော်လာသည်။
တိယွင်ယွီက သူ့ကိုခြောက်လှန့်ပြီးသည်နှင့် ပခုံးကိုအသာပုတ်လိုက်သည်။
" ဒါပေါ့... ငါ့မှာ မင်းကို ဖမ်းထားရတဲ့ ရည်ရွယ်ချက်ရှိတယ်... ခုနကပြောတာ မှားသွားတယ် နောက်မှ မှန်းကြည့်ကြတာပေါ့..."ရှန်းလျိုရှန့် စိတ်တည်ငြိမ်သွားပြီးနောက် ထိုလူက တဖြည်းဖြည်းပိုထူးဆန်းလာသည်ဟု တွေးထင်မိလာ၏။ သို့ရာတွင် အချိန်တစ်ခုအထိ သူ့အသက်က အန္တရာယ်မရှိနေသောကြောင့် စိတ်အေးသွားရပေသည်။
တိယွင်ယွီက လက်ကိုပြန်ရုတ်ပြီး ရှန်းလျိုရှန့်၏ ရှည်လျားရှုပ်ပွနေသော ဆံပင်ရှည်ကြီးကို ကြည့်လိုက်သည်။
" ဆံပင်စည်းပြီးတော့ ငါ့နောက်လိုက်ခဲ့..."ရှန်းလျိုရှန့် ဒေါသတကြီးဖြင့် ထလာတော့သည်။ ဆံပင်စည်းရန် ပြင်လိုက်စဉ်တွင် အနီရောင်ဖဲကြိုးကို တွေးတွေးဆဆဖြင့် ကြည့်နေလိုက်မိသည်။
တိယွင်ယွီ အပြင်ဘက်တွင် ခဏစောင့်နေပြီးနောက်လှုပ်လှုပ်ရှားရှားအသံများကြား၍ လှည့်ကြည့်လိုက်သည့်အခါ လူငယ်လေးက အပြင်ထွက်လာသော်လည်း ဆံပင်ရှည်ကြီးကို မစည်းထားရသေးပေ။