Villain Shizun ( END of STORY 🌸 )
ကောင်းကင်ကြီးက တဖြည်းဖြည်းမှောင်မည်းလာပြီးနောက် ကြယ်များထွက်ပေါ်လာသည်။
ရှန်းလျိုရှန့်က တောင်ထိပ်တွင်ရပ်နေစဉ်၌ ကြယ်များက သူ့မျက်ဝန်းထဲ ရောင်ပြန်ဟပ်နေသည်။ ကြယ်တစ်လုံးချင်းစီကို ကြည့်ရှု့ရသည်မှာလည်း ကြည်လင်ပြတ်သားလွန်းလှပေသည်။
တိယွင်ယွီက သူ့ကို တရားထိုင်ခိုင်းထားပြီး သူ၏ ရှည်လျားပြီး ဖရိုဖရဲဖြစ်နေသည့် ဆံပင်ကိုကြည့်ကာ သတိပေးလိုက်သည်။
" မင်းဆံပင်ကို စည်းလိုက်ဦး..."ရှန်းလျိုရှန့် တင်ပျဉ်ခွေထိုင်နေလျက်ဖြင့် ပြောလိုက်သည်။
" ခေါင်းစည်းကြိုးက ပြုတ်ကျပြီး ပျောက်သွားပြီ..."သူက ခေါင်းစည်းကြိုးကို တောနက်ထဲတွင် တမင်ပစ်ချခဲ့ခြင်းဖြစ်သည်။ သူ့ကိုယ်နံ့ရှိနေသောကြောင့် အောင်းယွဲ့က ၎င်းကို မိုင်ထောင်ချီအကွာအဝေးမှ အနံ့ခံနိုင်ပေသည်။ ထိုခေါင်းစည်းကြိုးကိုတွေ့ပါက မနီးမဝေးတွင်ရှိနေသည့် ရှန်းလျိုရှန့်ကိုလည်း ရှာတွေ့ပေလိမ့်မည်။
သို့ရာတွင် သူ့စကားမဆုံးမီမှာပင် တစ်ဖက်က အေးအေးလူလူဖြင့် ပြောလာသည်ကို ကြားလိုက်ရသည်။
" ပြုတ်ကျသွားတာ ဒီဟာလား..."တိယွင်ယွီ လက်ဖြန့်လိုက်သည့်အခါ သူနှင့်ရင်းနှီးနေသော အနီရောင်ခေါင်းစည်းကြိုးလေးကို ကိုင်ထားသည်အား တွေ့လိုက်ရသည်။
ရှန်းလျိုရှန့် အံ့ဩသွားမိပြီး တစ်ဖက်လူက အနားတိုးကပ်လာသည့်အခါ သူ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားမိသည်။
" မင်းဘာလို့ စိတ်လှုပ်ရှားနေတာလဲ..."
တိယွင်ယွီက ရှန်းလျိုရှန့်နောက်ကိုရောက်လာပြီး ပခုံးပေါ်ဖြာကျနေသည့် ဆံပင်များကို လက်ထဲရှိ အနီရောင်ခေါင်းစည်းကြိုးလေးဖြင့် စုချည်ပြီး သေသေသပ်သပ်ဖြစ်အောင် စည်းပေးလိုက်သည်။
ဆံပင်စည်းပြီးသည့်အခါမှ တိယွင်ယွီက ပြောလိုက်သည်။
" ငါလုပ်တာကို လိုက်ကြည့်မနေနဲ့ မျက်လုံးမှိတ်ပြီး အာရုံစိုက်ထား..."