Villain Shizun ( Extra 2-1 )
သုံးရက်ခန့်ကြာသောအခါ အင်အားကြီးစစ်တပ်ကြီးက အရှေ့ပိုင်းကျတ်တီးမြေသို့ရောက်လာပြီး မန်ယိုတောင်ကြားတွင် စခန်းချလိုက်သည်။ ဓားဂိုဏ်းချုပ်က အကာအကွယ်အစီအရင်တစ်ခု ပြုလုပ်လိုက်သောကြောင့် အားလုံးက တောင်ကြားထဲတွင် စိတ်အေးလက်အေး အနားယူနိုင်ကြပေသည်။
ညနေခင်းရောက်သည့်အခါ တောင်ကြားထဲတွင် မှောင်ရီပျိုးလာ၍ အလင်းတစ်ခုကိုမှ မတွေ့ရတော့ပေ။
ပင်မစစ်တပ်မှမဟုတ်သော ယွီဖူရှန့်နှင့် အခြားသောတပည့်များက တစ်လှည့်စီ ကင်းလှည့်ရတော့သည်။ ကင်းလှည့်သည်မှာ အကာအကွယ်နားတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး သံသယရှိဖွယ်လူများ ရှိမရှိကို စစ်ဆေးနေရုံသာဖြစ်သည်။
ညနက်သည့်အခါ ယွီဖူရှန့်၏အလှည့် ရောက်လာသည်။ သူက လက်တစ်ဖက်တွင် ဓားကိုင်ထားပြီး အခြားလက်တစ်ဖက်က မီးတုတ်ကိုကိုင်ထားကာ ခြုံနွယ်ပိတ်ပေါင်းထူထပ်နေသည့် နေရာတစ်ခုတွင် လမ်းလျှောက်နေသည်။ သူ ဘေးနားကိုကြည့်လိုက်သည့်အခါ သံသယဖြစ်ဖွယ်တစ်ခုကို တွေ့လိုက်ရသည်။ သစ်ပင်အရိပ်များက ပုံမှန်ထက်ရှည်လျားနေပြီး အရိပ်ပေါင်းများစွာက သူ့အနားကိုချဉ်းကပ်လာသည်။
အစီအရင်များလား...ယွီဖူရှန့် အသံကျယ်ကျယ်နှင့် အော်ဟစ်ပြီးသည့်အခါမှသာ ထိုအရိပ်များက ရွှယ်ချွမ်၊ ချန်ယင်နှင့် အခြားလူများဖြစ်နေသည်ကို သိလိုက်ရသည်။
ကျောက်စိမ်းလည်ဆွဲကိုကိုင်ထားသော ရွှယ်ချွမ်က လက်ကိုခါယမ်းပြီး ခွင့်လွှတ်ပေးရန် တောင်းပန်တော့မည့်အချိန်တွင် ကင်းစောင့်နေသူက ယွီဖူရှန့်ဖြစ်ကြောင်း သိလိုက်ရသောကြောင့် ချက်ချင်း ဒေါသထွက်သွားမိပေသည်။ သူ့နောက်လိုက်များက ရှေ့ကိုအမြန်ရောက်လာပြီး ယွီဖူရှန့်၏ပါးစပ်ကိုအုပ်၍ ခေါင်းကိုရိုက်နှက်ကြတော့သည်။
" မင်း သေချင်နေတာလား တိုးတိုးနေစမ်း..."ယွီဖူရှန့်က သတိလက်လွတ်ဖြစ်သွားသောကြောင့် အရိုက်ခံလိုက်ရပြီး သူ့နားထဲတွင် ဆူပူသံအချို့ကို ကြားလိုက်ရကာ အရိုက်ခံရခြင်းကြောင့် မူးဝေလာသည်။