Chapter 155
ဤသို့ ထပ်ခါထပ်ခါဖြစ်နေပြီး ရှန်းလျိုရှန့်က သကြားလုံးကို တောင့်တနေခြင်းကြောင့် ဆေးတစ်ခွက်လုံးကုန်အောင် သောက်ခဲ့ရလေသည်။
သူ့ပါးစပ်ထဲ ခါးသက်သက်ဖြစ်နေသောကြောင့် မူးဝေနေပြီး မည်သည့်အရာများဖြစ်သွားကြောင်းကို မသိလိုက်ပေ။ သကြားလုံးကိုစားရသည်မှာ ခက်ခဲလွန်းသည်ဟုသာ တွေးနေမိသည်။ ကံကောင်းသည်မှာ ဤတစ်ကြိမ်၌ သကြားလုံးလေးက သူ့ပါးစပ်ထဲရောက်လာပြီး ပြန်ထွက်မသွားတော့ပေ။
ဝိညာဉ်ဆေးပင်၏ အစွမ်းပြလာသည့်အခါ သူ့နှဖူးပြင်ထက်မှ အပူချိန်ကလည်း အနည်းငယ်လျော့ပါးသွားတော့သည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အိပ်ရာဘေးတွင် ရပ်နေသူက သူ့ကို စူးစမ်းဟန်ဖြင့် ကြည့်နေသည်ကို ခပ်ရေးရေးမြင်လိုက်ရသည်။
ကျိုးရွှမ်လန်က ဆေးပန်းကန်လုံးကို အနားမှ အစေခံတစ်ယောက်ထံ ပေးလိုက်ပြီး ဝတ်ရုံလက်များကို ပြန်ချလိုက်သည်။
ကျောက်စိမ်းသဖွယ် ဖြူဖွေးသောလက်လေးက သူ့ကိုဖမ်းဆွဲလိုက်သည်။ အားကမပြင်းလှသော်လည်း လက်ဖျားထိပ်များ ဖြူဖျော့လာသည်အထိ တင်းတင်းဆွဲထားပြီး မလွှတ်ပေးချေ။
" ကျိုးရွှမ်လန်..."
ရှန်းလျိုရှန့်၏အသံက အနည်းငယ်အက်ရှနေသည်။သူ့လေသံက တစ်စုံတစ်ရာကို အတည်ပြုနေဟန်ရပြီး ရီဝေဝေမျက်ဝန်းများက မျက်တောင်တစ်ချက်မှမခတ်ဘဲ စိုက်ကြည့်နေကာ ကျိုးရွှမ်လန်၏နာမည်ကို ခေါ်နေသည်။
အခန်းထဲတွင် ရပ်နေကြသည့် အစေခံများအားလုံး ထွက်သွားသည့်အခါ ကျိုးရွှမ်လန်၏ မျက်နှာအမူအရာက မသေမချာဖြစ်နေသည်။ သူ ရှေ့တိုးလာပြီး ရှန်းလျိုရှန့်၏မေးစေ့ကို လက်တစ်ဖက်ဖြင့် ဆွဲမော့လိုက်သည်။
ဇာမဏီမျက်ဝန်းများကို စိုက်ကြည့်နေပြီးသည့်နောက်တွင် တစ်လုံးချင်းပြောလိုက်သည်။
" ကျုပ်ကို ခင်ဗျားတပည့်လို့ သဘောထားမနေနဲ့... မဟုတ်ရင်..."ကျိုးရွှမ်လန်၏ လက်ဖျားများက အနည်းငယ်တင်းကြပ်လာ၍ ဖြူဖွေးသောမေးစေ့လေးတွင် လက်ချောင်းရာများ ကျန်ရစ်ခဲ့သည်။
" ကျုပ် ခင်ဗျားကို ညှာမနေတော့ဘူး..."