Chapter 175
ရှန်းလျိုရှန့် မျက်လုံးပွင့်လာသည့်အခါ သူနှင့်မထိတွေ့ရသည်မှာ အလွန်ကြာမြင့်ခဲ့သော နေရာတစ်ခုသို့ ရောက်နေသည်ကို သိလိုက်ရသည်။
ချင်းလင်ဂိုဏ်း အာရုဏ်ဦးတိမ်လွှာတောင်ထွတ်(ချောင်းယွင်တောင်ထွတ်)...
သူ ခေါင်းအသာလှုပ်ပြီး သူ့ဘေးတွင် အိပ်ပျော်နေသော ကျိုးရွှမ်လန်ကို တစ်ချက်ကြည့်ကာ သူ့ပါးပြင်ကို လက်များဖြင့် ဖျစ်ညှစ်လိုက်သည်။ ကျိုးရွှမ်လန်က အလွန်ပင်ပန်းနေပုံရပြီး သူ့ကိုမတုံ့ပြန်ချေ။
ရှန်းလျိုရှန့် အဝတ်အစားများဝတ်ပြီး အပြင်ထွက်လာခဲ့လိုက်သည်။
ချောင်းယွင်တောင်ထွတ်က အတိတ်ကနှင့်နှိုင်းစာပါက အလွန်မပြောင်းလဲသွားသော်လည်း အချို့နေရာများက ထူးထူးဆန်းဆန်းတိတ်ဆိတ်နေသည်။ သူ မည်သူ့ကိုမှ ရှာမတွေ့ပေ။ လမ်းပေါ်တွင် တပည့်အချို့နှင့်တွေ့၍ လင်ယဲ့၏လှိုဏ်ဂူရှိနေရာကိုမေးပြီး လာခဲ့လိုက်သည်။
တိတ်ဆိတ်ငြိမ်သက်နေသည့် လှိုဏ်ဂူထဲမှ ကျောက်တုံးစားပွဲကြီးပေါ်တွင် စာလိပ်များ ရှေးဟောင်းစာအုပ်များဖြင့် ပြည့်နေသည်။ အစိမ်းရောင်ဝတ်ရုံဝတ်ထားသူက လက်တစ်ဖက်ယမ်းလိုက်ပြီး ထိုပစ္စည်းအားလုံးကို သိုလှောင်အိတ်ထဲ ထည့်ထားလိုက်သည်။
ရှန်းလျိုရှန့်၏ခြေလှမ်းများ ရပ်တန့်သွားရသည်။
" ရှစ်ရှုန်း သွားတော့မလို့လား..."လင်ယဲ့က လေ့ကျင့်ရန်အတွက် အမြဲတစေ အပြင်သွားလေ့ရှိသော်လည်း နတ်ဆေးများနှင့် မှော်လက်နက်များကို မည်သို့ပြင်ဆင်ရမည်အားမသိ၍ ထိုပစ္စည်းနှစ်မျိုးကိုသာ ယူသွားလေ့ရှိသည်။
လင်ယဲ့ တစ်ဖက်သို့လှည့်လာသည်။
" ငါ သုံးလောကကို ခရီးထွက်ချင်သေးတယ်..."ကောင်းကင်ဘုံတာအိုက ပျက်ပြယ်သွားပြီဖြစ်သောကြောင့် ပင်မနယ်မြေ၏ ဟန်ချက်ညီမှုကို ဆက်လက်ထိန်းသိမ်းရန် ကောင်းကင်ဘုံတာအိုအသစ်မွေးဖွားလာရန် လိုအပ်ပေသည်။ လင်ယဲ့၏ကိုယ်ပေါ်တွင် ကောင်းကင်ဘုံတာအိုအလင်းတန်း အကြွင်းအကျန်အချို့ ရှိနေသေး၍သူက စည်းမျဉ်းအသစ်များကို ဖန်တီးရန် အသင့်လျော်ဆုံးလူဖြစ်သည်။ သို့ရာတွင် သူကိုယ်တိုင်က ငယ်ရွယ်သေးသည့်အပြင် ဤလောကတစ်ခုလုံးအပေါ် သိမြင်မှုက မနက်ရှိုင်းသေးဟု ခံစားနေမိသည်။
![](https://img.wattpad.com/cover/352029929-288-k268155.jpg)