Unicode
အပိုင်း - ၁
၂၀၀၉ ခုနှစ်......
March လလယ်ရောက်ပြီဆို စာမေးပွဲပြီး၍ ကျောင်းများလည်းပိတ်ပြီ။ဒီအချိန်ကို ဆရာ၊ဆရာမနှင့်ကျောင်းသူကျောင်းသားအများစုက နွေရာသီအားလပ်ရက်ရှည်ဟု သတ်မှတ်ကြသည်။
နွေ၏အရသာကို ပီပီပြင်ပြင်မခံစားရသေးသော်ငြား မတ်လဆိုလျှင် မန္တလေးမြို့မှာတော့ အပူချိန်ကစတင်ပြီ။ဆောင်းအကုန် နွေအကူးဖြစ်၍ သစ်ရွက်ခြောက်များကလည်း တဖြောဖြောကြွေကျနေသည်။ဒီကြားထဲ လေရူးက တစ်ချက်တစ်ချက်ဝေ့တိုက်သွားသေးသည်။
ပေ ၄၀ , ၆၀ ကျယ်သော 'ဆူး'တို့ခြံထဲရှိ ဗာဒံ(ဗန်ဒါ)ရွက်အမှိုက်ခြောက်များမှာ လှည်း၍ပင်မကုန်နိုင်။
မြို့တည်နန်းတည်မန္တလေးမြို့၏ မြို့သစ်အပိုင်းမှာ ဖွံ့ဖြိုးဆဲနေရာဖြစ်သည့်အလျောက် နွေဦးရဲ့အမှတ်သင်္ကေတအဖြစ် ဥဩငှက်တွန်ကျူးသံကို ကြားရတတ်သည်။အလွမ်းဓာတ်ခံရှိသူများအဖို့ ရူးသွားလောက်စရာ တပေါင်းလရာသီဖြစ်၏။
'ဆူးရိုင်းနွယ်' ခါးကုန်းပြီး စက်ဘီးကို အားသွန်ခွန်စိုက်နင်းနေသည်။ပခုံးကျော်ရုံသူမဆံပင်များက လေထဲမှာ တလွင့်လွင့်ဖြစ်နေရုံမက အပေါ်မှနေပူကာထပ်ဝတ်လာသည့် ရှပ်အင်္ကျီလက်ရှည်မှာလည်း ကြယ်သီးတပ်မထားသည့်အတွက် စက်ဘီးနင်းလိုက်တိုင်းနောက်ကိုတလွင့်လွင့်ဖြစ်နေသည်။
မနေ့က နေ့လယ်ပိုင်းအချိန် သူမ ခြံထဲမှာ တံမြက်စည်းလှည်းနေစဉ် သူမရှေ့တည့်တည့်ကို ခဲလုံးဖြင့်ပတ်ချည်ထားသည့် စာတစ်စောင်ကျလာသည်။စာပစ်သူကို လှမ်းကြည့်တော့ မကြာသေးခင်ကမှ သူမကိုယ်တိုင်အဖြေပေးခဲ့သည့်ချစ်သူ 'ထက်သူရိန်ကို'။သူမကို မျက်စိတစ်ဖက်မှိတ်ပြပြီး စက်ဘီးကို လှစ်လှစ်ပါအောင်နင်း၍ ဒုန်းစိုင်းထွက်သွားသည်။
ပြတင်းပေါက်နားမှာ စက်ထိုင်ချုပ်နေတဲ့မေမေ့ကို အကဲခတ်၏။စာကို အလျင်အမြန်လုံးချေ၍ အတွင်းအိတ်ထဲထိုးထည့်ပြီး တံမြက်စည်းကို ဟန်မပျက်ဆက်လှည်းနေလိုက်သည်။
အိမ်သာထဲရောက်မှ စိတ်ချလက်ချဖြင့် စာကို ဖွင့်ဖတ်ကြည့်ခဲ့သည်။ဒီနေ့ညနေ ၅ နာရီမှာ တွေ့နေကျနေရာကိုလာခဲ့ဖို့ သူရိန့်ဘက်က ချိန်းဆိုထားခြင်းပင်။သူရိန့်ရဲ့ အသော့နှင်နှင်ရေးထားတဲ့ မလှမပလက်ရေးများကို သူမ ဖတ်မဝနိုင်ရှိနေသည်။အရာရာကိုစူးစမ်းတတ်စဆယ်ကျော်သက်အရွယ် သူမနှလုံးသားနုနုမှာ ရင်ခုန်ဖူးသစ်စဖြစ်၍ သူရိန်နှင့် ခိုးတွေ့ရမှာကို စိတ်လှုပ်ရှားနေသည်။
YOU ARE READING
ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )