Unicode
အပိုင်း -၅
ဆူး မေမေနှင့်ဘွားလေးရှေ့ ရောက်နေသည်မှာ နာရီဝက်ခန့်ရှိပြီ။သူမ ဝင်လာချိန်မှာ မေမေက ဘွားလေးကိုတစ်ခုခုခွံကျွေးနေ၏။ဆူးကိုမြင်တော့ နှစ်ယောက်သားဆွံ့အပြီး လုပ်နေဆဲကိစ္စရပ်ကို တဒင်္ဂမေ့သွားကြသည်။
မေမေတို့ရှေ့ရောက်လျှင်ရောက်ချင်းသူမ ပုဆစ်တုပ်ထိုင်ချပြီး
"သမီး သူနဲ့ကွာရှင်းခဲ့ပြီ မေမေ...." ဟု တစ်ခွန်းတည်းသာ ပြောလိုက်သည်။
မေမေနှင့်ဘွားလေး အံ့ဩပြီးရင်း အံ့ဩလျက် ဘွားလေးဆီမှ အရင်ဆုံးအသံထွက်လာ၏။
"ငါပြောသားပဲ မိနွယ်.....ညည်းသမီး ဘယ်နှစ်နှစ်ခံမှာလဲလို့.....ဟင်....မိဘစကားကိုအာခံတဲ့အကျိုးက ခုဗိုက်တစ်လုံးနဲ့ အိမ်ပေါ်ကနှင်ချခံရပြီလေ....."
"သမီးသဘောနဲ့သမီး ဆင်းလာတာပါ....."
ဘွားလေးတို့ဘာပြောပြော အစစအရာရာ သည်းခံမည်စိတ်ကူးထားပေမဲ့ မဟုတ်သည့်စကားမျိုး စွပ်စွဲလာသည်ကိုတော့ ဆူး မြန်မြန်ဆန်ဆန်ပဲ ချေပလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်ပေါ့အေ....အိမ်ထောင်တစ်ခုကိုတောင် ညည်း မထိန်းသိမ်းနိုင်ဘူးလား...."
ဘွားလေးက လူကသာအိပ်ရာထဲမှာ... လေသံကတော့ အရင်လိုမာနေဆဲပင်။
"ခဏနေပါဦး ဒေါ်လေး....သူလည်းကိုယ်ဝန်ကြီးနဲ့ အခုမှရောက်တာ.....ခဏနားပါစေ..... အေးအေးဆေးဆေးမှ မေးကြတာပေါ့....."
"ဟင်း...."
မေမေက ပျက်ယွင်းလာသည့်အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ကြားဝင်ပြောသောကြောင့် ဘွားလေးက မဲ့ကာရွဲ့ကာဖြင့် အသံတိတ်သွားသည်။
"ညည်း အခန်းထဲ ခဏသွားနားချေ မိဆူး.....ခဏနေ ငါလိုက်ခဲ့မယ်....."
"ဟုတ် မေမေ....."
သူမ မေမေတို့ရှေ့မှ မသက်မသာထလျက် အပျိုဘဝကနေခဲ့သည့် အိပ်ခန်းလေးဆီ ဝင်ခဲ့သည်။
သင်ဖြူးဖျာတစ်ချပ်သာ ခင်းထားသည့်ခုတင်ပေါ် ကွေးကွေးလေးလှဲစဥ်မှာ စိတ်ချမ်းသာမှုအနည်းငယ်ကို ခံစားရသည်။သူမ လုံခြုံပြီ။သူမ ကလေးလေးကို မေမေတို့အရိပ်အောက်မှာ စိတ်ချမ်းချမ်းသာသာဖြင့် မွေးနိုင်ပြီ။
ESTÁS LEYENDO
ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )