Unicode
အပိုင်း -၁၉
"ချယ်ဆူး...."
"ဟေးးးး"
ဆူး ကားပေါ်မှအဆင်း ကိုမင်းသမာဓိလက်ထဲမှဘီဘီလေးက လူးလွန့်တွန့်ထိုးလျက် ပြေးဆင်းလာသည်။သူမလည်း ကလေးလေးကိုအသံပြုလျက် လက်လှမ်းပြလိုက်၏။
ဘီဘီလေးက သူမနားအရောက်တွင် သူ့အဖေ့လက်ပေါ်မှလျောဆင်းပြီး သူမလက်ကိုလာချိတ်သည်။ဆူး အခြားလက်တစ်ဖက်မှာလည်း သားသားကိုတွဲထားရသည့်အတွက် ဘီဘီလေးကို နောက်လက်တစ်ဖက်ဖြင့် ပြန်ဆုပ်ကိုင်ထားသည်။
မင်းသမာဓိ ဆရာမရှေ့မကျတကျ အနေအထားမှာရပ်ပြီး ပြုံး၍နှုတ်ဆက်လိုက်သည်။
"ကိုယ်က မျှော်နေတာ....လိုက်မှလာပါ့မလားလို့ စိတ်ပူရသေးတယ်...."
ဆူး ဘာမှပြန်မဖြေဖြစ်...ပြုံး၍သာ နေသည်။
အဖြူရောင်ဇာဝမ်းဆက်နှင့် ဆရာမလေးဆူးရိုင်းနွယ်ဟာ သူ့မျက်လုံးထဲမှာတော့ အပျိုရှုံးလောက်အောင် လှပလွန်းသည်။ဝေ့ဝဲနေသည့်ဆံနွယ်များကို နဖူးဆံစပ်မှစ၍ လိမ်ကျစ်ထားပြီး နောက်ကိုတစ်ဝက်ပြန်သိမ်းပြီးမှ စုစည်းထားသည်။ထို့ကြောင့်ပင် သူမ အလှက ရင့်ကျက်တည်ငြိမ်ပြီး မြန်မာဆန်သည့်ဘက်ကို ပိုရောက်နေသည်။
"မွေးနေ့ပွဲက စ နေပြီလား....."
"မစသေးဘူး ညီမကိုစောင့်နေတာ...."
"အားနာစရာ ကိုမင်းသမာဓိရယ်....ကျွန်မတို့က အရေးမကြီးပါဘူး.... ဖိတ်ထားတဲ့ဧည့်သည်တွေလည်း ရှိတဲ့ဟာကို....."
"ဒီပွဲက ကလေးဗန်းပြပြီး ညီမကိုလာစေချင်လို့ လုပ်ထားတဲ့ပွဲပဲ....ညီမလာမှ စ လို့ ရမှာပေါ့...."
မင်းသမာဓိစကားက ဒဲ့တိုးဆန်လှ၍ ဆူး မျက်နှာကို ခပ်လွှဲလွှဲပြုလိုက်သည်။မီးရောင်အောက်မှာ သူမနားရွက်တွေနီနေလောက်ပြီ။
"ကဲ ကြည့်လို့ ဝ ရင်လည်း ကိတ်ခွဲဖို့ သွားကြစို့လေ.....ပြောကိုမပြောချင်ဘူး .....အောက်မှာ ကလောင်နှစ်ကေး(ကလေးနှစ်ကောင်)က ဖအေနဲ့မအေကို မော့ငေးနေတယ်....သတိလည်းထားကြဦး....."
ဆရာမပုလဲနှစ်က အသံစူးစူးနှင့်ဆော်ဩလေမှ မင်းသမာဓိ ရှက်ရယ်ရယ်ပြီး ခပ်တိုတိုဆံပင်ကိုသပ်လိုက်၊ နှာခေါင်းပွတ်လိုက်နှင့် ရှက်သွားသည်။သူ ဆရာမကိုမြင်ပြီးနောက်မှာ သားနှင့်သမီးကို တကယ်မေ့သွားခဲ့တာပါ။ဆရာမပုလဲပြောလည်း ပြောချင်စရာပင်။သူ့ဆရာမလေးကိုတစ်ဖက်တစ်ချက်လက်တွဲထားသည့် သားနှင့်သမီးမှာ သူ့ကိုမော့ကြည့်လိုက် ဆရာမကိုမော့ကြည့်လိုက်နှင့် ရှိနေသည်။သူတို့ကလည်း အခုထိ ကားနားမှနေရာမရွှေ့ရသေး။
BẠN ĐANG ĐỌC
ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )