Unicode
အပိုင်း -၈
သားသားနှင့်သူမ တိုးကြွယ်ရေခဲမုန့်ဆိုင်ထဲမှာ ထိုင်နေကြသည်။သားသားက သူ့ရှေ့မှာရှိနေသည့် နို့ရေခဲမုန့် အကပ်အကျန်ကို ဇွန်းဖြင့်ကလော်ပြီး နောက်ဆုံးအလုတ်အနေဖြင့် ပါးစပ်ထဲထိုးထည့်ပြီးနောက် သူမကိုမော့ကြည့်သည်။
"မေမေ မေမေ့..."
"ပြောလေ သား....နောက်တစ်ပွဲ မမှာရတော့ဘူးနော်....အများကြီးစားရင် သားနေမကောင်းဖြစ်မယ်...."
"မဟုတ်ပါဘူး မေမေရဲ့....သား မေမေ့ကို မေးစရာရှိလို့...."
"ဘာမေးချင်လို့လဲ မေးလေ...."
သူမ သားစကားကို စိတ်ဝင်တစားနားထောင်ရန် သားမျက်နှာကို ကြည့်လိုက်သည်။သားက ချက်ချင်းမပြောသေးဘဲ နှုတ်ခမ်းကိုလျှာနှင့်သပ်၏။ပြီးတဲ့နောက် တစ်ရှူးယူ၍ နှုတ်ခမ်းနားတဝိုက်ကို သုတ်နေပြန်သည်။
တစ်ခါတစ်ခါ သူမနှင့်သားသား မတည့်သည့်အချက်မှာ သား၏ဒီလိုပုံစံကြောင့်ပင်။သားသားက လူကြီးလိုအမြဲပြုမူနေတတ်သည်။အခုလည်း ကြည့်။စကားစထားပြီး မပြောသေးဘဲ သူလုပ်စရာရှိတာ လုပ်နေပြန်သည်။
"ပြောလေ သားရယ်....အမြဲတမ်းဝေ့နေတာပဲ...."
"မေမေကလည်း စိတ်ရှည်မှပေါ့.....ပြောမှာပါ...."
သားစကားကြောင့် သူမ နှုတ်ခမ်းကိုမဲ့ရွဲ့သွားအောင်တွန့်ပြီး
"ဟေ့အေး မရှည်နိုင်ပါဘူး....မင်းကအမြဲအဲ့လိုပဲ....စကားတစ်ခွန်းကို ချက်ချင်းမပြောဘူး အချိန်ဆွဲနေတာ....."
"ဟာ ဒါ သားသားစတိုင်လေ မေမေရာ.... စတိုင်ရှိမှ စတားဖြစ်တာတဲ့....တီဗွီထဲ ခဏခဏလာနေတာ မေမေ မကြားဖူးဘူးလား....."
"ကဲ တော် တော် ကိုလေရှည်....ပြောမှာဆိုလည်း ပြော....မပြောရင်လည်း ပြန်မယ်....."
သူမ တကယ်စိတ်ကောက်ဟန်ပြုလေမှ သားသားက ရယ်ဟဟဖြင့် ခုနစကားကို ပြန်စသည်။
"စောနက ကျောင်းရှေ့မှာတွေ့ခဲ့တဲ့ ဦးဦးက မေမေနဲ့ဘယ်လိုသိတာလဲ...."
"ဟမ်...."
ရုတ်တရက်ဆိုတော့ သူမ ကြောင်သွား၏။ဒီလိုမေးခွန်းမျိုး မေးလာလိမ့်မည်လို့ မထင်။ထုံးစံအတိုင်း သူသိချင်သည့် လူတွေအကြောင်း အကောင်တွေအကြောင်း မေးမည်ထင်ခဲ့သည်။
BẠN ĐANG ĐỌC
ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )