လွှတ်ချလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ စက္ကန့်မခြား တိမ်းပါးသွားနိုင်တဲ့ အနေအထားပါပဲ။အမြဲတမ်းပြုံးရယ်နေခဲ့ပေမဲ့ နှုတ်ခမ်းလေးမကွေးချင်တော့တဲ့အထိ ပျော်ရွှင်မှုတွေဟာ တိုက်စားခံနေခဲ့ရတယ်။အကောင်းမြင်စိတ်တွေပဲ အားနည်းလာလေသလား အဆိုးတရားတွေကပဲ အားကောင်းလာလေသလားငါလေမသိ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေဟာ ဗလာနတ္ထိ။လျှောက်ပြောနေခဲ့တာပါလို့ ငါလိမ်မယ်။လျှောက်ရေးနေခဲ့တာပါလို့လဲ ငါညာဦးမယ်။တစ်တိတိနဲ့ ချို့ယွင်းလာတဲ့ဝေဒနာကိုတော့ ငါခံစားနေမိခဲ့ပါတယ်။
သံသရာဟာတကယ်ပဲလည်ပတ်နေခဲ့တာလား။ကြားဖူးခဲ့တဲ့ အပြိုင်ကမ္ဘာဟာ တကယ်ပဲတည်ရှိနေလေမလား။အဲဒီကမ္ဘာမှာရော သဘောကျရတဲ့တောင်တန်းတွေဟာ အစီအရီဆက်ကာ သွယ်တန်းနေလိမ့်မလား။မြတ်နိုးရတဲ့ပန်းကလေးတွေဟာ လှပဝေဆာစွာဖူးပွင့်နေခဲ့မလား။မက်မောရတဲ့ကော်ဖီတွေဟာ ရနံ့သင်းစွာ ဆွဲဆောင်နေခဲ့လေမလား။မျှော်လင့်ခဲ့ရတဲ့ အပြာရောင်ရပ်ဝန်းလေးများ ဖြစ်လို့နေခဲ့မလား။သိပ်ကိုထူးဆန်းလာတဲ့အချိန်တွေဆို ငါ့မှာ ပြေးကြည့်ချင်စိတ်တွေဟာ တဖွားဖွား။လက်ရှိကမ္ဘာကတော့ ခြောက်သွေ့သွေ့ပဲ မဟုတ်လား။
26.3.2024(Tue)