ဦးထုပ်တွေကို ကြိုက်နှစ်သက်ပါတယ်လို့သာဆိုတယ်
အများကြီးဝယ်ပြီးမစုဆောင်းတတ်သလို ဝယ်ဖို့လဲစိတ်မကူးခဲ့ဘူး။ဒီလိုပါပဲ လူတစ်ယောက်ကို သဘောကျတယ်လို့ပြောပေမယ့် အထူးတလည်စိတ်ဝင်စားကြောင်းမပြတတ်သလို သဲသဲလှုပ်လည်း မဖြစ်ခဲ့မိဘူး။ဘာသိဘာသာနေတတ်ခြင်းကိုအကျင့်တစ်ခုလိုမွေးမြူပြီး စွဲလမ်းစိတ်ဟာ အန္တရာယ်လို့မှတ်ယူမိတဲ့အခါ သောက်နေကျကော်ဖီတွေတောင် မသောက်ရရင်မနေနိုင်တဲ့ထိမဖြစ်ရအောင် ကြိတ်မှိတ်သည်းခံရင်း ကိုယ့်ကိုယ်ကိုယ် ပြန်အံတုမိခဲ့တယ်။
ဒီလိုနဲ့ အစွဲအလမ်းမကြီးတတ်ဘူးရယ်လို့ ခံယူခဲ့သမျှ သူနဲ့တွေ့မှ တက်တက်စင်အောင်လွဲရပြန်တယ်။
လိုချင်တာမရတော့လည်း ဘာဖြစ်သေးလဲ ဘဝမှာဘယ်လိုပဲဖြစ်ဖြစ်ရပါတယ်ဆိုတဲ့သူက သူ့ကိုမှမဟုတ်ရင် အခြားသူမလိုချင်တော့လောက်အောင် သူမှသူဖြစ်နေမိခဲ့တယ်။ဆိုရှယ်မီဒီယာဟာဘဝအစစ်မဟုတ်ဘူးရယ်လို့ အတန်တန်ဆင်ခြင်ရင်းနဲ့ သူပေးတဲ့reactတစ်ခုဟာ သတိရမိတိုင်းအဖန်ဖန်ပြုံးစေနိုင်ခဲ့တဲ့ ပျော်စရာလေးဖြစ်ခဲ့ရပြန်တယ်။အမှုမဲ့အမှတ်မဲ့ထားတတ်တဲ့စိတ်ကလေးဟာလည်း သူပြောဖူးတဲ့အသေးအမွှားလေးတွေကအစ အသေးစိတ်မှတ်မိလို့နေခဲ့လေရဲ့။သာမာန်ညတွေနဲ့မတူစွာပဲ ဂွတ်နိုက်လို့ပြောခံရတဲ့အခါ နှစ်ခြိုက်စွာအိပ်စက်နိုင်ခဲ့ခြင်းမှာ ညတာဟာ တိုတောင်းခဲ့ရလေတယ်။
ဒီရက်ပိုင်းနားထောင်နေကျ သီချင်းလေးတစ်ပုဒ်လိုပဲပေါ့။သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်တဲ့။ တကယ်ပါ လူပေါင်းများစွာထဲကမှ သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင် ချစ်ခြင်းတရားတို့ ယိုဖိတ်ခဲ့ရလေတော့တယ်။
25.3.2024(Mon)