Chapter - 1

265 31 6
                                    

Unicode

အပိုင်း ၁။ ကလေးသူခိုး

ရှောင်းကျန့်က သူ့အဒေါ်မှာကြားသည့်အတိုင်း လိုအပ်သည့်ဆေးမြစ်အချို့ဝယ်ယူဖို့ ကျင်းရှီမြို့ဆီရောက်လာခဲ့သည်။ မျက်နှာထက်ဝက်ခန့်ကို အနီရောင်ပုဝါပါးလေးနှင့် ဖုံးအုပ်ထားပါသော်ငြား ပေါ်လွင်နေသည့် မျက်နှာအထက်ပိုင်းမှ ကော့စင်းနေသည့်မျက်တောင်လေးများဝန်းရံထားသော လှပသည့်မျက်ဝန်းကြည်တို့ကြောင့် မြင်သူတကာအကြည့်မလွှဲနိုင်အောင် ဆွဲဆောင်နေလေသည်။ ဆံပင်အလုံးစုံကို ခပ်ကြီးကြီးအထုံးလေးများအဖြစ် စုစည်းပြီး ဘေးတစ်ဖက်တည်းသို့ချထားသည့် ပုံရိပ်လေးက လူအများကြားတွင် တစ်မူထူးခြားနေသည်။

" အာ့ "

မနည်းသောအားဖြင့်ပုခုံးကိုဝင်တိုက်ပြီး သူ့ကိုဖြတ်ကျော်သွားသူကြောင့် ရှောင်းကျန့်ဆီမှ အာမေဍိတ်သံလေးတစ်ခုထွက်လာသည်။ နာသွားသည့်ပုခုံးကြောင့် မျက်ခုံးလေးများက အလိုလိုစုကျုံ့သွားပြီး ​ဖြတ်ကျော်သွားသူကို လည်ပြန်လှည့်ကြည့်မိတော့ ကလေးငယ်တစ်ဦးကိုချီထားလျက် ခပ်သုတ်သုတ်လျှောက်နေသူကို တွေ့လိုက်သည်။ ကလေးငယ်၏အဝတ်အစားက သန့်ပြန့်ကောင်မွန်းသလောက် လူကြီးဖြစ်သူမှာတော့ သာမန်အရပ်ချည်ထည်လေးသာဝတ်ဆင်ထားသောကြောင့် တစ်ခုခုမှားနေကြောင်းကို ချက်ချင်းသိလိုက်သည်။

" ဒီကလူကြီးမင်း "

ရှောင်းကျန့်က ထိုလူရှေ့တွင်ပိတ်ရပ်၍ ထိုလူအားအေးစက်စွာကြည့်လိုက်သည်။

" ကျွန်တော့်ကိုဝင်တိုက်သွားတဲ့အတွက် တောင်းပန်သင့်တယ်နော် "

" တောင်းပန်ပါတယ် "

အလျင်လိုနေပုံရသည့်လူက သူ့ကိုထပ်မံဖြတ်ကျော်သွားဖို့ပြင်နေသောကြောင့် ရှောင်းကျန့်က လက်တစ်ဖက်ကို ဆန့်ထုတ်၍တားလိုက်သည်။

" စကားတစ်ခွန်းတည်းနဲ့မရဘူးလေ။ စိတ်ရင်းကိုပြသင့်တာပေါ့ "

ရှောင်းကျန့်က ရည်ရွယ်ချက်ရှိရှိ စကားကို ခပ်ကျယ်ကျယ်ပြောနေသည့်အခါ ပတ်ဝန်းကျင်ရှိလူအချို့၏အာရုံစိုက်မှုကို ရရှိလာသည်။ ထိုအရာကပဲ သူ့ရှေ့ကလူကို ပိုမကျေမနပ်ဖြစ်သွားစေပုံရသည်။

A Thorny FlowerWhere stories live. Discover now