Chapter - 5

138 25 21
                                    

Unicode

အပိုင်း ၅။ ခုန်လှုပ်သွားသောနှလုံးသား

ဆောင်းဦးပိုင်းမို့ မနက်ခင်းအချိန်ဆို အတော်လေးကိုအေးပါသည်။ အိပ်မောကျနေသည့်ရှောင်းကျန့်က ပိုလျှံလာသည့်အအေးဓာတ်ကြောင့် မျက်ခုံးလေးများကိုစုကြုတ်လိုက်ပြီး အနွေးဓာတ်ရှိရာဆီသို့ ပိုတိုးကပ်သွားရသည်။ သူ့ခန္ဓာကိုယ်နှင့်ထိတွေ့မိသည်က စောင်မဟုတ်မှန်းသိရှိပြီးနောက် အချင်းချင်းကပ်ငြိနေသည့်မျက်တောင်များကိုဖယ်ခွာ၍လေးလံနေသည့်မျက်ခွံများကို ဖွင့်ကြည့်လိုက်ရသည်။ မြင်ကွင်းထဲသို့ ပထမဆုံးရောက်လာသည်က အတွင်းဝတ်အဖြူကိုလျော့တိလျော့ရဲဝတ်ထားသည့်ရင်အုပ်ဖြစ်ပြီး ဟနေသည့်အဝတ်ကြားမှ အထဲရှိညှပ်ရိုးကိုပါလှမ်းမြင်နေရသည်။ ဗရမ်းဗတာဖြစ်သွားသည့်နှလုံးသားနှင့်အတူ သူ၏အိပ်ချင်စိတ်များဟာလည်း အဝေးသို့လွင့်စင်သွားလေ၏။ ကြောက်လန့်တကြားနှင့် မေးကိုမော့၍ကြည့်လိုက်သည့်အခါ ထင်ရှားသည့်မေးရိုးတို့ကိုပိုင်ဆိုင်ထားသည့်ချောမောလွန်းလှသောမျက်နှာကိုတွေ့လိုက်ရသည်။ နေရောင်အောက်အလုပ်လုပ်ရသူမို့ အသားကမဖြူပါသော်ငြား ထိုကဲ့သို့အညိုဘက်ရောက်နေသည့်အသားရောင်ကပင် သူ၏တည်ကြည်ချောမောမှုကို တစ်နည်းတစ်ဖုံပံ့ပိုးပေးနေသယောင်။ နက်မှောင်သည့်မျက်ခုံးထူထူက အိပ်ပျော်နေချိန်မို့ထင်၊ ပြေလျော့နေလေ၏။ မျက်ဝန်းများမှိတ်နေချိန်တွင်ပင် ဩဇာအချို့သက်ရောက်နေသည့်မြို့စားဝမ်ကို လူအများလေးစားအားကျကြသည်မှာ အဆန်းတော့မဟုတ်ပါချေ။ ရှောင်းကျန့်၏အကြည့်များက ခပ်ထူထူနှုတ်ခမ်းတစ်စုံထံတွင် အဆုံးသတ်သည်။ တလှပ်လှပ်ခုန်လှုပ်လာသည့်နှလုံးသားကြောင့် သူ့ရင်ဘတ်သူအသာဖိ၍ချော့မြှူရသည်။

" ကြည့်လို့ဝရဲ့လား ကိုယ့်ဇနီးလေး "

သူငေးမောနေမိသည့်နှုတ်ခမ်းတစ်စုံက ရုတ်တရက်ပွင့်ဟလာပြီး လှုပ်ခတ်လာသည်မို့ လန့်သွားသည့်ရှောင်းကျန့်က မျက်လွှာပင့်၍ မြို့စားဝမ်ကိုမော့ကြည့်မိသည်။ အကြည့်ချင်းဆုံသွားသည့်အခါ သူ့ဦးနှောက်က ဗလာကျင်းသွားပြီး ဖြေရှင်းချက်ပေးဖို့ရာအကြောင်းပြချက်ကို လွယ်လင့်တကူမစဉ်းစားနိုင်ပါတော့ချေ။ ပန်းရောင်သန်းသွားသည့်ပါးပြင်တို့နှင့်အတူ ရှောင်းကျန့်က အခြားတစ်ဖက်သို့လှည့်၍ စောင်အထူကို လည်ပင်းအထိဆွဲခြုံလိုက်ပြီးနောက် ဇက်လေးပုထားလိုက်သည်။ သူက မတော်တဆလေး ငေးမိသွားရုံပါပဲ။

A Thorny FlowerWhere stories live. Discover now