Chapter - 11

89 20 21
                                    

Unicode

အပိုင်း ၁၁။ သခင်လေးလီနှင့်တွေ့ဆုံမှု

မြို့စားဝမ်ဆီသို့သာ အလုံးစုံသောအာရုံတို့ကိုပေးအပ်ထားသည့်ရှောင်းကျန့်က ဘေးခုံရှိတစ်စုံယောက်၏အကြည့်များကိုသတိမထားမိခဲ့ချေ။

လီကျန်းက ဘေးစားပွဲမှကောလေးကို ပွဲကြည့်စင်ပေါ်တက်လာကတည်းကသတိထားမိခဲ့ခြင်းပြီး ထိုကော၏နံဘေးတွင် မြို့စားဝမ်ပါ ပါလာသောကြောင့် ဦးနှောက်ကိုကြာကြာအလုပ်မပေးလိုက်ရဘဲ ထိုကောကိုမှတ်မိသွားသည်။ ထိုသူက တစ်ချိန်က သူ့နောက်သို့တကောက်ကောက်လိုက်ခဲ့သည့်ရှောင်းအိမ်တော်မှကောလေးသာဖြစ်မည်။ သခင်လေးရှောင်းက သူနှင့်တွေ့တိုင်း ပုဝါနက်ဖြင့်မျက်နှာကိုကွယ်အုပ်ထားတတ်သော်လည်း ထိုပုဝါအောက်မှမျက်နှာကိုတစ်ခါတော့​မြင်ခဲ့ဖူးသည်။ ထိုအလှကြောင့်သာမဟုတ်ပါက သူက ထိုမိသားစုငယ်လေးမှကောကိုလှည့်ကြည့်စရာအကြောင်းပင်မရှိပါချေ။ သို့သော် ယခုသူ့မျက်စိရှေ့ရှိကောလေးက ယခင်ကထက်ပင်ပိုလှလာသလို။ ​

ကုန်သည်မိသားစုမှကောများက သခင်လေးရှောင်းကိုပုတ်ခတ်ပြောဆိုသည့်အခါ ထိုကောလေးက မျက်ရည်များပြည့်လျှံလာပြီး သူ့ကိုအကူအညီလာတောင်းမည်ထင်ခဲ့သော်ငြား သခင်လေးရှောင်းက အနောက်မှကောများကို လုံးလုံးလျားလျားလျစ်လျူရှုထားပြီး လက်ထဲရှိလက်ကိုင်ပုဝါလေးကိုသာ စူးစိုက်ကြည့်နေခဲ့သည်။ လီကျန်း၏မျက်ခုံးများက ထိုအခါမှ ပြေလျော့သွားပြီးနောက် ရှောင်းအိမ်မှသခင်လေးက သူ့အပေါ်စိတ်ရှိနေသေးကြောင်းသေချာသွားခဲ့သည်။ သူကယုံကြည်ချက်ရှိသည့်အပြုံးကိုချိတ်ဆွဲလိုက်ပြီး အားငယ်နေလောက်မည့်ကောလေးကိုကူညီရန်ပြင်လိုက်ပါသော်ငြား မထင်မှတ်ထားစွာနှင့်မြို့စားဝမ်ရောက်ရှိလာပြီး သူ၏သူရဲကောင်းလုပ်မည့်အစီအစဉ်မှာ မရှုမလှကျရှုံးသွားရသည်။ ထိုနှောင့်ယှက်သူ ပွဲထဲဝင်သွားမှသာ သူ၏မကျေနပ်ချက်များကို ခက်ခက်ခဲခဲမျိုချနိုင်တော့သည်။

ကစားပွဲစချိန်တွင် သူ၏အကြည့်များကို လက်ကိုင်ပုဝါလေးအားလက်သီးဆုပ်လေးထဲထည့်ညှစ်နေဆဲဖြစ်သည့်သခင်လေးဆီသို့ ပြန်ရွှေ့လိုက်သည်။ ဖြူဝင်းနေသည့်အသားအရေကကြည့်ရုံနှင့်ပင်နူးညံ့မည့်ပုံပေါ်သည်။ အရင်က သူပဲသေချာမကြည့်မိခဲ့၍သတိမထားခဲ့မိသည်လားမသိ၊ နှုတ်ခမ်းအောက်တွင်မှဲ့နက်လေးတစ်ခုရှိနေသည်။ ထိုမှဲ့လေးက ကောင်လေး၏အလှကိုတစ်ထောင့်တစ်နေရာမှ ထောက်ပံ့ပေးနေသယောင်။ တစ်ချိန်တစ်ခါက သူ့ကိုသာကြည့်ခဲ့သည့် ကော့စင်းနေသည့်မျက်တောင်လေးများအောက်မှကြည်လင်နေသည့်မျက်ဝန်းလေးများက ယခုတွင်တော့ သူမဟုတ်သည့်တခြားတစ်ယောက်ပေါ်တွင်ရှိနေသည်။ သူက စိတ်တိုင်းမကျစွာနှင့်မျက်မှောင်ကြုတ်လိုက်သည်။ ဒီသခင်လေးတစ်ယောက်လုံး ဘေးတွင်ထိုင်လျက်ရှိနေသည့်တိုင် သခင်လေးရှောင်းက ဘာကြောင့်များမြို့စားဝမ်ကိုသာ အာရုံစိုက်နေရသနည်း။ ရုတ်တရက် သူကတစ်စုံတစ်ခုကိုတွေးမိသွားသည်။ သခင်လေးရှောင်း သူ့ကိုလာရှာသည့်ညက ထွက်မတွေ့မိလို့များလား။ ဖြစ်နိုင်ချေရှိသည့်အကြောင်းပြချက်ကိုတွေးမိသွားပြီးနောက် သူ့မျက်နှာထက်တွင် အပြုံးတစ်ခုက ကျေနပ်စွာထွက်ပေါ်လာသည်။

A Thorny FlowerWhere stories live. Discover now