Chapter - 13

98 18 18
                                    

Unicode

အပိုင်း ၁၃။ ရှင်းပြခြင်း

တိတ်ဆိတ်နေသည့်အခန်းလေးထဲတွင် ဖယောင်းတိုင်မီးမှမီးစာကိုစားသုံးနေသည့်အသံသာတိုးညှင်းစွာထွက်ပေါ်နေလျက်ရှိသည်။ ဆောင်းတွင်းရောက်တော့မည်မို့ တံခါးများအလုံပိတ်ထားပါသော်ငြား အခန်းလေထုထဲတွင်အအေးဓာတ်တို့စိမ့်ဝင်နေသည်။ လရောင်ကလည်း ပြတင်းပေါက်ထက်ရှိစက္ကူအကာအရံများကိုဖြတ်ကျော်၍ အခန်းထဲသို့အလင်းအချို့မျှဝေနေလေသည်။

တစ်စနှင့်တစ်စ ညကတဖြည်းဖြည်းနက်လာသည်။ သူစောင့်မျှော်နေခဲ့သည့်လူက ယခုထိတိုင် အခန်းထဲသို့မရောက်လာပါသေးချေ။ တစ်တိုင်တည်းထွန်းလင်းလျက်ရှိသောအဝါရောင် ဖယောင်းတိုင်တုတ်တုတ်ဆီသို့အကြည့်ရောက်သွားသည့်အခါ ယိမ်းနွဲ့နေသည့်ဖယောင်းမီးအောက်တွင် ဖယောင်းသိပ်မကျန်တော့ကြောင်းသိရှိလိုက်သည်။ ရှောင်းကျန့်က ခြုံထားသည့်စောင်ထူကိုလက်ချောင်းများဖြင့်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီးနောက် လေးလံသောသက်ပြင်းတစ်ခုကိုလေထုထဲသို့ရောနှောဝင်ရောက်လာစေသည်။

ဖုကျွင်းက သူ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်လား...။

သူကနံရံဘက်သို့မျက်နှာမူလိုက်ပြီး စိတ်ဓာတ်ကျစွာနှင့်ခန္ဓာကိုယ်လေးကိုကွေးထားလိုက်သည်။ သို့သော် သိပ်မကြာခင်တွင် မလှမ်းမကမ်းမှလျှောက်လှမ်းလာသည့်ခြေလှမ်းများက အခန်းရှေ့တွင်ညင်သာစွာရပ်တန့်သွားသည်ကိုကြားလိုက်ရပြီးနောက် ရှေ့ဆင့်နောက်ဆင့်မှာပင် တိုးလျလျတံခါးလှုပ်ရှားသံနှစ်ခုကဆက်တိုက်ထွက်ပေါ်လာသည်။ ခဏအကြာတွင် ဘေးဘက်ရှိအိပ်ရာမှအနည်းငယ်အိကျသွားသည်ကိုခံစားလိုက်ရပြီး သူ၏ရင်ထဲတွင်အချိန်အတော်အတန်ကြာအောင်နေရာယူခဲ့သောအစိုင်အခဲကြီးမှ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီ။ ရှောင်းကျန့်က နေ့လယ်မှအဖြစ်အပျက်များကို မည်ကဲ့သို့ရှင်းပြရမည့်အကြောင်းအတွေးများနေစဉ် လက်တစ်ဖက်က သူ့ခါးတွင်ရစ်သိုင်းလာပြီး သူ၏လည်ဂုတ်မှ လေငွေ့နွေးနွေးတို့ကိုခံစားလာရသည်။ ရှောင်းကျန့်ခန္ဓာကိုယ်လေးကတောင့်ခဲသွားပြီးနောက် သူ၏ကိုယ်သင်းနံ့က ဖုကျွင်း၏ခေါင်းကိုက်ဝေဒနာကိုသက်သာစေကြောင်း တစ်ခေါက်ပြောပြခဲ့ဖူးသည်ကိုမှတ်မိသွားသည်မို့ သူကထိုအတိုင်းလေးသာငြိမ်နေပေးလိုက်သည်။

A Thorny FlowerWhere stories live. Discover now