Unicode
အပိုင်း ၁၂။ မြို့စားဝမ်၏အကူအညီ
ဝမ်ရိပေါ်က စာကြည့်ခန်းထဲတွင် လက်ဖက်ရည်သောက်ရင်း စာလွှာအချို့ကိုထိုင်ဖတ်နေသည်။ မနက်ပိုင်းတွင် လေ့ကျင့်ရေးစခန်းသို့ သွားရောက်စစ်ဆေးပြီးခဲ့ပြီဖြစ်၍ သူ့မှာအားလပ်ချိန်အချို့ရရှိနေလေသည်။ သူ၏အကြည့်များက ပိတ်ထားသည့်တံခါးထံသို့ရောက်ရှိသွားပြီးနောက် စက္ကန့်ပိုင်းအတွင်းတွင် စာလွှာအောက်ရှိနာမည်များရေးမှတ်ထားသည့်စာရင်းဆီသို့ပြောင်းရွှေ့သွားသည်။ သိသာစွာပင် သူ၏အာရုံများက စာလွှာထံတွင်ရှိနေပုံမပေါ်။ တစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းနေပုံပင်။
ရှောင်းအိမ်တော်မှပြန်လာကတည်းကစိတ်အခြေအနေမကောင်းသည့်သူ့ဇနီးလေး၏အကြောင်းအရင်းကို လွန်ခဲ့သည့်ရက်အနည်းငယ်ကသူသိရှိခဲ့လေသည်။ ဖူးရန်၏မျက်နှာရိပ်ကိုစက္ကန့်မလပ်အကဲခတ်နေခဲ့သည့်သူက ဆေးမြစ်အကြောင်းပြောချိန်တွင် တစ်ခုခုမှားနေကြောင်းကိုသတိပြုခဲ့သည်။ ထို့ကြောင့် သူ့လူယုံကို ထိုဆေးမြစ်အကြောင်းစုံစမ်းရန်ခိုင်းစေခဲ့ပြီးနောက်တွင် ထိုဆေးမြစ်ကိုယ်တိုင်မှာပြဿနာမရှိသော်ငြား ဆေးမြစ်အရေအတွက်တွင်ပြဿနာရှိနေကြောင်းနားလည်သွားခဲ့သည်။ ရှောင်းအိမ်တော်သို့ သူသွားရောက်နှုတ်ဆက်ခဲ့စဉ်က သူ့ဖူးရန်၏အခန်းထဲရှိနေ့စဉ်အသုံးအဆောင်များက သစ်လွင်နေသည်မှာ တစ်ခါမှအသုံးမပြုရသေးကြောင်းကိုထင်ရှားစေသောကြောင့် ရှောင်းမိသားစုတွင်ဖုံးကွယ်မှုအချို့ရှိနေကြောင်းရိပ်မိခဲ့သည်။ သို့သော်မိသားစုအရှုပ်အထွေးများက ထိုမျှကြမ်းကြုတ်လိမ့်မည်ဟုမမျှော်လင့်ထားခဲ့သည်မှာတော့အမှန်ပင်။ ရှောင်းအိမ်တော်မှပြန်လာပြီးသိပ်မကြာခင်တွင်ပဲ သူ့ဖူးရန်က ထိုဆေးမြစ်များကိုညွှန်းပေးခဲ့သည့်သမားတော်အကြောင်းစုံစမ်းနေသည်ကိုသိရှိခဲ့ရသည်။ မပြည့်စုံသည့်အချက်အလက်များနှင့် လူတစ်ယောက်ကိုရှာဖွေရန်မှာ ကောက်ရိုးပုံထဲအပ်ပျောက်ရှာသလိုခက်ခဲသည်ကိုသိသည်မို့ သူကတစ်ဖက်တစ်လှမ်းမှကူညီနိုင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုသမားတော်ကနန်းတွင်းတွင်အလုပ်လုပ်ခဲ့ကြောင်းသိရှိခဲ့ရပြီးနောက် အိမ်ရှေ့စံထံတွင်အကူအညီတောင်းခဲ့သည်။
YOU ARE READING
A Thorny Flower
FanfictionA Thorny Flower; Gentle and Soft, but Tough. Start Date - 13 Apr 2024 ( Sat ) End Date - Status - Ongoing Chapters in Total - ? Average words per chapter - 1,400 BJYX Myanmar Fanfiction: Wang Yi Bo × Xiao Zhan || Both Unicode and Zawgyi are availa...