Chapter - 6

131 22 12
                                    

Unicode

အပိုင်း ၆။ သန္ဓေသားဖွံ့ဖြိုးဆေး

ရှောင်းအိမ်​တော်။

မြို့စားဝမ်က သူ၏မျက်ကွင်းညိုညိုများပျောက်သွားသည်အထိ အိမ်တော်တွင်အနားယူစေခဲ့ပြီးမှ မိဘများကိုနှုတ်ဆက်ဖို့အတွက် ဤနေရာသို့ခေါ်လာခဲ့ခြင်းဖြစ်သည်။ ကမ်းပေးလာသည့်လက်ဖဝါးပြင်ကို ဆုပ်ကိုင်လိုက်ပြီးနောက် မြင်းလှည်းပေါ်မှဆင်းသည့်အခါ နောက်လက်တစ်ဖက်က သူ့ခါးကိုထိန်းကိုင်ပေးလာသည်။ အိမ်တော်အဝင်ဝရှိဘုတ်ပြားကိုမျက်လွှာပင့်ကြည့်လိုက်သည့်ရှောင်းကျန့်က ထိုပေါ်တွင်ထွင်းထုထားသည့်စာလုံးများကိုစိတ်ထဲမှတိတ်တဆိတ်ဖတ်သည်။ မွန်းကြပ်လာသည့်ခံစားချက်များကိုမြိုသိပ်၍ သူ၏မူပိုင်အပြုံးလေးတစ်ခုကိုဆင်မြန်းလိုက်သည်။

" မြို့စားဝမ်တို့ရောက်လာကြပြီပဲ။ ကြွပါ ​ကြွပါ "

သူတို့မြင်းလှည်းလာကတည်းက မျက်နှာရဖို့စောင့်နေပုံရသည့်သခင်ကြီးရှောင်းက ယဉ်ကျေးပျူငှာစွာဖြင့် လာကြိုလေသည်။ မြို့စားဝမ်နှင့်ရှောင်းကျန့်တို့ကလည်း ပြန်နှုတ်ဆက်ပြီးနောက် အိမ်တော်ထဲသို့ အတူဝင်လာခဲ့ကြသည်။ ရှောင်းကျန့်၏ပထမဆုံးဦးတည်ရာက သူနေခဲ့သည့်အခန်းဆီသာ။

မင်္ဂလာပွဲနေ့က အရင်သုံးခဲ့သည့်ပစ္စည်းများကိုယူခွင့်မပေးခဲ့သည့်ဖခင်ဖြစ်သူကြောင့် ယခုအခွင့်အရေးကိုအသုံးချပြီး သူ့ညီ၏အသုံးအဆောင်များကိုအမှတ်တရသိမ်းထားမည်ဟု တွေးထားပါသော်ငြား အခန်းထဲရှိအရာအားလုံးက သူအရင်ကမမြင်ဖူးခဲ့သည်များသာ။ ရှောင်းကျန့်က ပစ္စည်းတစ်ခုစ၊ နှစ်ခုစကို ကောက်ကိုင်လိုက်ပြီးနောက် ပြောင်လက်နေသည်ကိုတွေ့ပြီး လက်မဖြင့်အနည်းငယ်ပွတ်သပ်လိုက်သည်။ ခဏအကြာတွင် စူးရှသည့်အကြည့်များက သခင်မရှောင်းဆီရောက်သွားသည့်အခါ သခင်မရှောင်းကမျက်နှာလွှဲသွားသည်ကိုတွေ့လိုက်ရသည်။ သခင်ကြီးရှောင်းကလည်း မထူးခြားပါပင်။ ရှောင်းကျန့်က ခပ်ချဉ်ချဉ်ပြုံးလိုက်ပြီးနောက် ပစ္စည်းများကိုနေရာတကျပြန်ထားလိုက်သည်။ အားလပ်သွားသည့်သူ့လက်မှ လေအချို့တိုးဝှေ့လာသည်ကိုခံစားလိုက်ရပြီးနောက် နွေးထွေးမှုတို့ကအစားထိုးဝင်ရောက်လာသည်။ အံဝင်ဂွင်ကျဖြစ်နေသည့်လက်ချောင်းများဆီကို အာရုံပြောင်းသွားသည့်ရှောင်းကျန့်က လက်ပိုင်ရှင်ကို မော့ကြည့်မိလေ၏။ သူ့ကိုကြည့်နေသည့်မျက်ဝန်းနက်များက နှစ်သိမ့်နေသယောင်။

A Thorny FlowerWo Geschichten leben. Entdecke jetzt