Chapter 72
သူ့ဦးနှောက်ထဲ အပြေးအလွှားတွေးတောနေစဉ် ကျိုးရွှမ်လန်၏ "ရှစ်စွမ်း" ဟု ခေါ်သံကို ကြားလိုက်ရပြီး ရှန်းလျိုရှန့်က သူ့လက်မောင်းကို အသာပုတ်ကာ အောက်ချခိုင်းနေသည်ကို တွေ့လိုက်ရသည်။
" မင်း အထင်လွဲနေပြီ သူက ငါ့တပည့်..."
ရှန်းလျိုရှန့်က သူ့နားသို့လျှောက်လာပြီး ရှုရှင်းချန်၏လက်ထဲမှ ရွှမ်ဟွမ်ဓားကိုယူ၍ ဓားအိမ်ထဲပြန်ထည့်ပေးလိုက်ပြီး နှစ်သိမ့်ဟန်ဖြင့် ပခုံးကို ပုတ်ပေးလိုက်သည်။
ထို့နောက် သူ့တပည့်ဘက်သို့လှည့်ကာ မေးလိုက်သည်။
" မင်းကရော ဘာလို့မရှင်းပြတာလဲ..."ကျိုးရွှမ်လန်က သူ ရှုရှင်းချန်ကို ကာကွယ်ပေးနေခြင်းကို အဓိပ္ပါယ်မဖော်နိုင်သည့် အကြည့်တစ်မျိုးဖြင့် ကြည့်နေသည်။
" သူက ကျွန်တော့်ကို ရှင်းပြဖို့ အခွင့်အရေးတောင် မပေးဘူး..."သူ့ကို အပြစ်ပုံချနေကြောင်း ရှုရှင်းချန် သဘောပေါက်လိုက်သည်။
သူ ခွန်းတုံ့ပြန်တော့မည့်အချိန်တွင် ကျိုးရွှမ်လန်က မြေပြင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
" မှားနေတယ်..."
မြေပြင်ပေါ်တွင် မညီမညာစီထားသည့် ရာနှင့်ချီသော ဝိညာဉ်ကျောက်တုံးများက မှော်စက်ဝန်းတစ်ခုကဲ့သို့ ဆက်သွယ်နေသည်ကို ရှန်းလျိုရှန့် မြင်လိုက်သည်။
ရှုရှင်းချန်က နန်းတွင်းတွင် အစီအရင်များအကြောင်း သင်ကြားဖူးခဲ့၍ ဤနယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်သည်။ သူ အစီအရင်ထဲ ကျရောက်သွားပြီးသည့်နောက်တွင် အစီအရင်ကို ချိုးဖျက်ရန် တွေးတောနေခဲ့သော်လည်း အားပျော့စေရန် ဝိညာဉ်ကျောက်တုံးများဖြင့် အချိန်အတော်ကြာအောင် ထိန်းထားပြီးချိန်အထိ အစီအရင်၏ မျက်လုံးနေရာကို ရှာမတွေ့နိုင် ဖြစ်နေသည်။
" မင်းက အစီအရင်တွေ ဘယ်လိုသုံးရမယ်ဆိုတာကို သိတာလား..."
သူ အနည်းငယ် လန့်သွားသည်။ကျိုးရွှမ်လန် ထိုင်ချလိုက်ပြီး မြေပြင်ပေါ်တွင် ရှုပ်ပွနေသည့် ကျောက်တုံးများကို ပြန်စီလိုက်သည်။
" နေရာက မှားနေလို့ အစီအရင်ရဲ့ မျက်လုံးနေရာကို ရှာမတွေ့တာ အခုပြန်လုပ်ကြည့်..."