."ဘဝမှာမဖြစ်ချင်ဆုံးအရာရှိသလား...၊"
ဒီမေးခွန်းကိုကြားတော့ ညိုခဏတာငြိမ်သက်သွားမိသည်၊ ရှိတာပေါ့၊ ညို့ဘဝမှာမဖြစ်ချင်ဆုံးအရာလေ၊ တွေးလိုက်မိတိုင်းခါးခါးသီးသီးငြင်းဆန်မိပြီး ကြောက်လန့်သွားမိတာ....။
သက်ထားညိုရဲ့ဘဝမှာ ဘယ်တုန်းကမှစံပြမဖြစ်ခဲ့တဲ့ မိန်းမတစ်ယောက်...၊
ညိုမေမေ့လိုမဖြစ်ချင်ဘူးလေ၊ အချစ်တစ်ခုအတွက်နဲ့ ဘဝတစ်ခုလုံးကို ရူးရူးမူးမူးနစ်မြှုပ်လိုက်လေတဲ့မိန်းမတစ်ယောက်...၊ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရစရာမရှိအောင်အပြောခံပြီး အချစ်ဆိုတဲ့အရာကို ဖမ်းဆုပ်ခဲ့လေတဲ့သူ.....။ ဟုတ်တာပေါ့ ညိုမေမေ့လိုဖြစ်မှာသိပ်ကြောက်တာ...၊
ညနက်နက်တွေခိုးငိုပြီးမနေချင်သလို ဒါကကျွန်မအမျိုးသားပါဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ထုတ်မပြောနိုင်တဲ့မေမေ့ဘဝက ညိုမြင်ဖူးသမျှထဲမှာ သနားစရာအကောင်းဆုံးပဲ...။
ဒါပေမဲ့ဒီမေးခွန်းရဲ့အဖြေကို ညို့စိတ်တိုင်းကျဖြေခွင့်မရှိပါဘူး၊ ဘာလို့လဲဆို သက်ထားညိုဆိုတာ နိုင်ငံကျော်မော်ဒယ်တစ်ယောက်လေ၊ အနုပညာအလုပ်နဲ့အသက်မွေးနေတဲ့လူတွေဆိုတာ မီဒီယာတွေရဲ့မေးခွန်းတိုင်းကို ပိပိရိရိလိမ်တတ်ဖို့လိုတယ်လေ၊
ညိုယဲ့ယဲ့လေးပြုံးလိုက်သည်၊ အလိမ်အညာတစ်ခုကိုပြောဖို့ အားယူလိုက်သလိုပေါ့....။
"အမ်.....ဘယ်လိုပြောရမလဲ....၊ ညိုဘာမဖြစ်ချင်ဘူးလဲဆိုရင် ကိုယ်မကြိုက်တာကို ကျိတ်မှိတ်မျိုသိပ်ရင်းလုပ်နေရတာမျိုးမဖြစ်ချင်ဘူး၊ အသက်မွေးဝမ်းကျောင်းအလုပ်ပဲဖြစ်ဖြစ် ရင်းနှီးတဲ့မိတ်ဆွေက အကူအညီတောင်းတာမျိုးပဲဖြစ်ဖြစ် ကိုယ်မကြိုက်တဲ့အရာတစ်ခုကို လုပ်မနေချင်ပါဘူး...."
ညိုအဖြေကပြီးပြည့်စုံလွန်းလို့ ရှေ့ခုံကဆိုဖာပေါ်ထိုင်နေတဲ့ သတင်းထောက်လေးက ခပ်ပြုံးပြုံးနဲ့ခေါင်းညိတ်သည်။ ဒီလိုအချိန်မှာ ညိုကမေမေ့လိုမဖြစ်ချင်ပါဘူးလို့ဖြေလိုက်ရင် အကုန်မျက်လုံးပြုးသွားကြမှာပေါ့၊ ကိုယ့်အမေလိုမဖြစ်ချင်တဲ့သမီးတစ်ယောက်က သေချာပေါက်သမီးမိုက်လေးပဲပေါ့...။
YOU ARE READING
မိန်းမတစ်ယောက်ရဲ့ဖြစ်တည်မှု
Romance(Unicode+Zawgyi) ကျွန်မဘဝမှာပြောင်းလဲလို့မရတဲ့အရာတစ်ခုကြောင့် တစ်ဘဝလုံးသိမ်ငယ်ပြီးနေလာခဲ့ရတယ်...၊ ဒါပေမဲ့ ကျွန်မဘာများတတ်နိုင်မှာမို့လဲ...၊ ကိုယ်တိုင်မလုပ်ခဲ့တဲ့အမှားတစ်ခုအတွက် လူတိုင်းကိုတောင်းပန်စရာမလိုဘူးလို့ကျွန်မထင်တယ်...၊ ကျွန်မရဲ့ဘဝဟာ ဒီအတို...