Part 27 (Unicode)

270 22 2
                                    

လူတစ်ယောက်ရှင်သန်ခဲ့သည့်ခြေရာတွေကို သူမှတ်တမ်းတင်ခဲ့သည့်ဓာတ်ပုံတွေ သူရေးခဲ့တဲ့မှတ်တမ်းတွေကနေ သိနိုင်လောက်ပေမည်။ သာမန်လူတစ်ယောက် ဘဝထဲရောက်လာပြီး ဘဝထဲကပြန်ထွက်သွားပြီး အချိန်တစ်ခုကြာတဲ့အခါ သူ၏တည်ရှိနေခဲ့မှုကိုမေ့လျော့သွားကြပါလိမ့်မည်။ ထိုအခါသူရေးခဲ့တဲ့မှတ်တမ်းလေးသည် သူလူသားတစ်ယောက်အနေနဲ့ ဘယ်လိုရှင်သန်ခဲ့သလဲဆိုတဲ့ ခြေရာတစ်ခုအနေနှင့် ကျန်ခဲ့ပါလိမ့်မည်။
ညိုသည်ထိုဝါကျင့်ကျင့်စာရွက်ကလေးတွေ အသာထိကပ်ကာ အဖုံးညိုညိုနှင့်မှတ်တမ်းစာအုပ်လေးကို လက်ထဲကကိုင်ရင်း ပြန်ထွက်လာသည့်အချိန် စိုင်းညီမိုးသောက်နှင့် တည့်တည့်တိုးလေ၏။ ညမှောင်နေတဲ့အချိန်မီးရောင်ပျပျသာရှိတာပေါ့ သူ့မျက်နှာကိုမသဲမကွဲသာမြင်ရသော်လည်း သူကတော့ညိုမှန်းတန်းသိပုံရကာ လက်ထဲကစာအုပ်လေးကိုမြင်သွားသည်။
"အဲ့တာ......"
"ဟုတ်တယ်၊ ညိုရှာနေခဲ့တဲ့ ညို့အဖွားရဲ့မှတ်တမ်းလေးပါပဲ.....။"
"နောက်ဆုံးတော့ရှာတွေ့သွားပြီပေါ့....၊
ပစ္စည်းဆိုတာပိုင်ရှင်အမှန်ဆီ ပြန်လာတတ်တာပဲ"
"ဟုတ်ပါရဲ့....၊ ကိုစိုင်းညီကို ကျေးဇူးတင်ပါတယ်"
"အဲ....မဟုတ်တာ၊ ကျနော်ကဘာလုပ်ပေးရလို့လဲ"
"အော်....ကိုစိုင်းညီခေါ်လာလို့ ဒီကိုရောက်လာတာပဲလေ၊ နောက်ပြီးမီဒီယာတွေဆီကနေရှောင်ဖို့ လိုတုန်းကလဲခေါ်ထားပေးလို့ကျေးဇူးတင်တယ်၊ ပြန်တွေးကြည့်ရင်ကျေးဇူးတင်စရာတွေ အများကြီးပဲ"
မိုးသောက်ကတစ်ချက်ရယ်ရင်း ညို့ကိုကြည့်သည်။
"ဒါဆိုပြန်ဆပ်စရာတွေများတာပေါ့....၊
ကျနော်ရန်ကုန်လာတဲ့အချိန်ကျ တစ်ဝိုင်းကျွေးရမယ်နော်...."
"ကျွေးရမှာပေါ့ရှင်"
"ဒါဆိုနောက်ကျနေပြီ၊ အိပ်တော့လေ၊
မနက်လည်းပြန်ရအုံးမှာ"
"မနက်မပြန်တော့ဘူး"
"ဗျာ....."
လျင်မြန်လှတဲ့ညို့ရဲ့ဆုံးဖြတ်ချက်ကြောင့် မိုးသောက်လည်းမျက်လုံးပြူးကာ မယုံနိုင်ဖြစ်နေတဲ့ပုံပဲ၊ ညိုလည်းဘယ်လိုပြောထွက်သွားလဲ မသိလိုက်ဘူးရယ်...။ မသိစိတ်ကလှုံဆော်နေတော့လည်း ဒီမှာဆက်နေတာကောင်းပါလိမ့်မည်ဟုသာတွေးရင်း...။
"ညိုရှာစရာနေရာလေးတွေရှိနေတာ...."
"ဘယ်နေရာလေးတွေနဲ့...."
"ဒီမှတ်တမ်းစာအုပ်ထဲက နေကြာခင်းလေ....၊ အဲ့ကိုညိုမရောက်ဖူးသေးဘူး"
"လိပ်စာရောအတိအကျပါလို့လား၊ ကျနော်လိုက်ပို့ပးမယ်လေ"
"မပါဘူး၊ ဘယ်နေရာမှန်းသေချာမသိဘူး၊
အခုချိန်နေကြာတွေရှိချင်မှတောင်ရှိတော့မှာ..."
ညိုကစိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်တာမို့ မိုးသောက်သည်လည်းကဗျာကယာ အကြံထုတ်ရသည်။ တော်ကြာမျှော်လင့်ချက်ပျောက်ပြီးပြန်သွားရင် ဒုက္ခ၊ မိုးသောက်ရက်နေတဲ့ကြာပဝါလေးကလဲ ပြီးခါနီးပြီ၊ ဒီမှာတစ်ည ဆက်နေလျှင်ကို ရန်ကုန်မပြန်ခင်ပေးလိုက်နိုင်မည်။ ကိုယ့်အတွေးနဲ့ကိုယ်ကတော့ ဟုတ်နေပေမယ့် ဘယ်လိုဆွဲထားရပါ့။
"ကျနော်ရှာပေးမယ်လေ၊ တောင်ပိုင်းမှာပဲရှိမယ်မဟုတ်လား....။ ကျနော့်အသိတွေပေါပါတယ်"
ညို့မျက်လူံးလေးတွေအရောင်လက်လာကာ မိုးသောက်ကိုအားကိုးတကြီး ကြည့်လိုက်မိသည်။
"တကယ်လား၊ ဓာတ်ပုံတော့ရှိတယ်၊
အဖိုးနဲ့အဖွားရိုက်ထားတာ၊"
"ကောင်းပီလေ၊ အဲ့တာကျနော့်ကိုပေးထားပေါ့"
"ကျေးဇူးတင်လိုက်တာရှင်"
ဒီလိုနဲ့သက်ထားညိုတစ်ယောက် အင်းလေးကနေမပြန်ဖြစ်ပဲ အတိတ်တွေကိုဆက်လက်တူးဆွဖို့ ကြိုးစားပြန်သည်။ ညိုသိခဲ့ရတဲ့နန်းနုယဉ်ရဲ့အကြောင်းက ညို့ကိုအားတက်စေသည်၊ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာတွေ့စေသည်၊ တကယ်တော့ညို့ဘဝခက်ခဲတယ်ဆိုတာ သူ့လောက်တော့ဘယ်ဆိုးပါ့မလဲ။
ဒါပေမဲ့ကံခေရှာတဲ့အဖွားကတော့ ပြန်လာမယ်လို့ကတိပေးခဲ့တဲ့ အဖိုးကိုတောင်တွေ့မသွားရရှာပဲ ဆုံးပါးခဲ့ရလေသည်။ အဖိုးကတော့အခုချိန်အသက်ရှင်နေသေးရဲ့လား၊ ဘယ်နေရာမှာရှိနေခဲ့ပြီး သူဘယ်လိုရှင်သန်ခဲ့ပါလိမ့်။
****************
နောက်တစ်ရက်ကျတော့သက်နှင်းက သူအလုပ်ကိစ္စတွေရှ်လို့ မပြန်လို့မဖြစ်တာမို့ တစ်ယောက်ထဲပြန်သွားရရှာသည်။ စိုးနိုင်ကတော့သူဒီမှာ အရေးကြီးကိစ္စတစ်ခုခုရှိပုံရသည်၊ သူ့ပုံကလိုက်သွားချင်နေပေမယ့် တစ်ခုခုကဆွဲထားသလိုလို....။
မိုးသောက်နဲ့စိုးနိုင်ကတစ်ခုခုတော့ တစ်ခုခုပင်၊ အမြဲတမ်းမသိစေချင်တာကြီးကို ဖုံးဖိနေရသလို၊ တစ်အိမ်လုံးအကြောင်းမသိတာမရှိတဲ့ သုသုကိုပင်ဖုံးထားနိုင်တာမို့ ညိုလည်းဘာကိစ္စကြီးရယ်လို့တော့မသိ။

မိန်းမတစ်ယောက်ရဲ့ဖြစ်တည်မှုWhere stories live. Discover now