Part 7 (Unicode)

300 24 2
                                    

လောကကြီးမှာကြောက်ဖို့အကောင်းဆုံးက သံယောဇဉ်တွေပဲ၊ တွယ်ငြိမိသလောက် ပျော်ရွှင်ရတယ်၊ အလေးအနက်ထားသလောက် နာကျင်ရတယ်၊ ဒါကြောင့်ပဲလူတိုင်းကို ကိုယ့်ဘဝထဲ လက်လွတ်စပယ် ပေးမဝင်သင့်တာပေါ့။ တချို့သောလူတွေက ဒဏ်ရာတွေပေးဖို့သက်သက် ဘဝထဲဝင်လာခဲ့ကြတာ...။

သက်ထားညိုအတွက်တော့ မောင်ဟာဘာနဲ့မှလဲလို့မရတဲ့ဖြစ်တည်မှုမျိုးပဲ....၊ သူမရှိရင်မရှိသလောက် နာကျင်လွမ်းဆွတ်မှုကိုခံစားရသည်။ ဂရုစိုက်နွေးထွေးတတ်သလောက် စိတ်ချလက်ချအေးစက်နိုင်တဲ့မောင်ဟာ သူမမှားတဲ့ကိစ္စတွေမှာ ရက်ပေါင်းများစွာမခေါ်မပြောပဲနေတတ်သည်၊ အဲ့အတွက်သူကတော့အေးဆေးဆိုပေမယ့် ညိုကတော့ဘဝပျက်နေခဲ့ရတာ...၊ မတော်တဆဝေးသွားရင်ဆိုတဲ့အတွေးက ညနက်နက်တွေမှာ အိပ်မရစေတဲ့အကြောင်းတစ်ခုဖြစ်ခဲ့ပေမယ့် တကယ်တမ်းဝေးရတဲ့အခါကျ လူကအယောင်ယောင်အမှားမှားနဲ့...။

ညိုမောင့်ကိုမုန်းမိသည်၊

မောင့်တင်မဟုတ်....၊ ညို့ဘဝကိုမွေးဖွားလာကတည်းက လွဲမှားစေခဲ့တဲ့ ထိုအမျိုးသမီးကိုလည်းမုန်းမိသည်။

အဲ့ဒီန​ေ့ညက....၊ မောင်ကညို့ကိုရွေးချယ်လို့မရဘူးလို့ သူကိုယ်တိုင်ပြောခဲ့တဲ့ညက...အစိတ်စိတ်အမွှာမွှာကြေကွဲကာ ပြိုလဲနေခဲ့ပြီးဖြစ်တဲ့ညို့ကို ပိုပြီးကြီးမားတဲ့လှိုင်းတစ်လုံးက ရိုက်ခတ်လိုက်ပြန်သည်။

အိမ်ရှေ့တံခါးဝမှာရပ်ရပ်ချင်း ဖန်ကွဲစတွေဟာ ကြမ်းပြင်ပေါ်ပြန့်ကျဲနေတာကို အတိုင်းသားမြင်ရသည်။ ဧည့်ခန်းထဲကပစ္စည်းတွေကလဲ ကြမ်းပြင်ပေါ်တစ်စစီ၊ ညို့အမေ နန်းမေထားကတော့ ဆိုဖာခုံပေါ်မှာငြိမ်သက်စွာ တကယ်ကိုမလှုပ်မယှက်ထိုင်နေခဲ့သည်။ သူမရဲ့မျက်ဝန်းတွေဟာအသက်ကင်းမဲ့သည်၊

မတ်တပ်ရပ်နေရာကနေဟန်ချက်မပျက်အောင် တံခါးဘောင်ကိုထိန်းကိုင်လိုက်ရသည်။ အလို....ဘာတွေဖြစ်နေခဲ့တာပါလိမ့်.....။

မေမေကညို့ကိုမြင်တော့ ရုတ်တရက်အသက်ပြန်ရှင်လာတဲ့လူတစ်ယောက်လို ဆတ်ခနဲထရပ်သည်။

"သမီး......ဖိနပ်စီးပြီးဝင်လာခဲ့........၊ အောက်မှာဖန်ကွဲစတွေရှိတယ်......"

မိန်းမတစ်ယောက်ရဲ့ဖြစ်တည်မှုWhere stories live. Discover now