တရွေ့ရွေ့ခုတ်မောင်းနေတဲ့ မီးရထားသံကြောင့် အိပ်ချင်သော်ငြား ငယ် အိပ်လို့မရပေ။တစ်ညနဲ့တစ်မနက် ရထားစီးပြီးသော်ငြား သွားလိုသောနေရာသို့ ခုချိန်ထိမရောက်နိုင်သေး။အိပ်မပျော်တာမို့ ရထားရဲ့နံရံကိုမှီကာ ပြတင်းပေါက်မှ အပြင်ဘက်သို့ကြည့်ရင်းသာ လိုက်ပါလာခဲ့သည်။
တစ်နေရာအရောက်ရထားက အရှိန်သတ်ကာ ဖြည်းဖြည်းချင်းရပ်တန့်လိုက်တာမို့ သိလိုက်ပါပြီ။ဒါ ငယ် ဆင်းရမဲ့ ရန်ကုန်ဘူတာကြီးဆိုတာကို။ပါလာတဲ့ လက်ဆွဲအိတ်နှစ်လုံးနဲ့ ကျောပိုးအိတ် အဝါရောင်လေးကိုလွယ်ကာ ဘူတာရုံတစ်လျှောက် လာကြိုမည့်သူကို တကြည့်ကြည့်ဖြင့် လျှောက်လာခဲ့သည်။
"ငယ်လေးရေ ဦးဦးဒီမှာဟေ့.."
အသံကြားရာဘက်ကို လှည့်ကြည့်လိုက်တော့ ငယ့်ကိုပြုံးပြကာ အနားကိုလျှောက်လာနေတဲ့ ဦးဦးထွန်းတောက်ကို တွေ့လိုက်သည်။
"ဦးဦးရောက်နေတာကြာပြီ။ငယ်လေး ကိုရှာနေတာ ခုမှပဲတွေ့တော့တယ်.."
"ဟုတ်တယ် ဦးဦး။ဒီတစ်ခေါက် မီးရထားဘူတာဆိုက်တာ နည်းနည်းနောက်ကျသွားလို့.."
"အေးအေး ငယ်လေးကော ပင်ပန်းနေပြီလား။တစ်ခုခုဝင်စားဦးမလား။ဒါမှမဟုတ် အိမ်ပဲ တန်းသွားမလား.."
"အိမ်ကိုပဲ သွားကြမယ် ဦးဦး။ဘွားဘွားက သမီးတွက် ဟင်းတွေချက်ထားမှာသေချာတယ်.."
"ကဲ ဒါဆို လာ။သွားကြမယ်..."
ငယ့်လက်ထဲက အိတ်နှစ်လုံးကို လက်လွှဲယူရင်း ဦးဦးက ရှေ့ကနေထွက်သွားလေသည်။ကားပေါ်ကနေ ရန်ကုန်မြို့ရဲ့ အငွေ့အသက်တွေကို တဝကြီး ရှုရှိုက်ရင်း မရောက်ဖြစ်တဲ့ ငါးနှစ်အတွင်း ရန်ကုန်မြို့ရဲ့ ပြောင်းလဲမှုတွေကို လိုက်ကြည့်နေမိသည်။အိမ်ရောက်တော့ ရှေ့မှာထွက်ကြိုနေတဲ့ ဘွားဘွားကို တွေ့လေသည်။
"ဘွားဘွား.."
ဘွားဘွားဆီကိုပြေးသွားကာ ထွေးဖက်လိုက်တော့ ဘွားဘွားကလည်း ပြန်လည်ထွေးဖက်လာသည်။
"အောင်မလေး ကြည့်စမ်းပါဦး။ငါ့မြေးမလေး ထွားလာလိုက်တာ။အဘွားတောင်မနည်းမော့ကြည့်နေရတယ်.."
YOU ARE READING
ထပ်တူညီစွာအချိုးကျသည်။
Non-Fictionဆရာမနဲ့တီချယ့်အပေါ်မှာထားရှိတဲ့ ငယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူညီစွာအချိုးကျသည်။ စာရေးသူရဲ့ ဖန်တီးမှုသာဖြစ်ပါသည်။တူညီမှုတစ်စုံတစ်ရာရှိခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။အမှားပါခဲ့သည်ရှိသော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။