“တက္ကသိုလ်ဝင်ခွင့်ဖြေဖို့ ငါးလောက်ပဲလိုတော့တယ်။ဘက်စကတ်ဘော ဆက်ကစားဖို့ ဆန္ဒရှိသေးရဲ့လား ချစ်သောစည်း”
နည်းပြဆရာ၏ အမေးကြောင့် ချစ်သောစည်း မသိမသာပင် သက်ပြင်းခိုးချလိုက်မိသည်။ဟူးးး ဘယ်လိုမှမတတ်နိုင်တော့တဲ့ အခြေအနေမို့ ခေါင်းခါလိုက်ရမည့် အသွင်။ဘက်စကတ်ဘောကို အတည်တကျ ဆော့တာမျိုး မဟုတ်ပဲ ဒီအတိုင်း ကစားရင်းနဲ့ စည်း ဝါသနာပါခဲ့တာ။
ဆရာဝန်ဖြစ်ဖို့က ပထမဦးစားပေးဆိုရင် ဘက်စကတ်ဘောဆော့တာက ဒုတိယ ဦးစားပေးဖြစ်လိမ့်မည်။အခုလည်း ကစားနေရင်း ခေါ်ပြောတဲ့ နည်းပြဆရာကြောင့် အနှောက်ဓာတ်တွေ ထွက်ပေါ်လာပါ၏။သူဘက်စကတ်ဘော ဆက်ဆော့ဖို့ မဖြစ်နိုင်တော့။စာမေးပွဲက နီးနေပြီဖြစ်ပြီး ငါးလဆိုတဲ့ အချိန်ကာလက သိပ်ကို တိုတောင်းလွန်းပါ၏။
“ဒီအပတ် နောက်ဆုံး ပွဲစဉ်ပြီးရင် ကျွန်တော် စာဘက်ကိုပဲ အာရုံစိုက်သွားပါမယ် ဆရာ။အားကစားအတွက် အမှတ်သေချာပေါက်ယူရမှာ ကျွန်တော့တာဝန်ဖြစ်နေပြီ”
“အိုကေ ... ဒီအပတ်အတွက် ကြိုတင်ပြီး လေ့ကျင့်ထားဦး ချစ်သောစည်း”
ချစ်သောစည်း ခေါင်းညိမ့်လိုက်ရင်း လွယ်အိတ်ကိုလွယ်ကာ ဘက်စကတ်ဘော အဆောက်အအုံထဲကနေ ထွက်လိုက်မိသည်။အနည်းငယ် မွန်းကျပ်နေသည့် ရင်ဘတ်ဟာ အားကစားဝတ်စုံကြောင့် အနည်းငယ် အသက်ရှူဝစေသည်။ပြင်ပလေအေးအေး ထိတွေ့လိုက်ကာမှ ပြန်လည်လန်းဆန်းလာပါ၏။
ထိပ်တန်းကျောင်းသားဖြစ်တဲ့ ချစ်သောစည်းအတွက် ငါးလဆိုတဲ့အချိန်က သိပ်ကို တိုတောင်းနေမှာ။အချိန်တိုင်း စာ၊စာဆိုပြီး နေရာတိုင်းမှာ ဝါးစားနေရမှာမို့ အားကစားကို သူဖြတ်ရမည်။ဖေဖေရော မေမေရော လိုချင်တဲ့ ပန်းတိုင်ကို သူရောက်အောင်သွားပြီး မှတ်တိုင်တစ်ခု ဖန်တီးပေးမယ်။ဒီလောက်ပါပဲ...။
ဖြတ်ခနဲ မျက်ဝန်းထောင့်မှာ မြင်နေရတဲ့ အရိပ်ကလေး။အေးဆေးတည်ငြိမ်နေတာကြောင့် ချစ်သောစည်း အားမလို အားမရဖြစ်လာရတာအမှန်။သို့ပေမယ့် မျက်ဝန်းတစ်ဆုံး ငေးကြည့်လိုက်မိသည်။ဒီဂရီမိုင်းနပ်တစ်ယောက် ပန်းချီထောက်တိုင်နှင့် ပန်းချီပစ္စည်းတွေကို နေရာချဖို့များ သယ်နေသလား။
