"အိုး"
အာမေဍိတ်သံတွေနှင့်အတူ ရပ်တန့်သွားတဲ့ဒီဂရီမိုင်းနပ်၏ ခြေထောက်အစုံကြောင့် မဟာရပ်ဝန်း လည်း ဟိုကြည့်သည်ကြည့်။သို့သော် ထူးခြားတာမတွေ့။ကျောင်းသားတွေ ယောက်ယက်ခတ်နေတဲ့ စင်္ကြံလမ်းမှာ မဟာရပ်ဝန်း ဘာကိုမှ ထူးခြားတယ်လို့ မထင်။
ကျောင်းဝတ်စုံ ဆင်တူဝတ်ထားကြတဲ့ ကျောင်းသားတွေကို စိတ်ပျက်သလို တစ်ချက်ကြည့်လိုက်ရင်း ဒီဂရီမိုင်းနပ် ခြေစုံရပ်နေတာကို သူစောင်းငဲ့ကြည့်လိုက်သည်။ပင်ကိုအရောင်ဖြစ်သော ရွှေအိုရောင် ဆံပင်တွေဟာ နေရောင်ခြည်အောက်မှာ တောက်တောက်ပပပင်။
"ဘာကို အံ့ဩနေတာလဲ ငါ့ကောင်"
"ချစ်သောစည်းက ငါနဲ့ လွယ်အိတ်ဆင်တူလေး လွယ်လာတယ်"
လက်ညှိုးလေးထိပ်မှာ ရပ်နေတဲ့ ချစ်သောစည်းဟာ ဒီဂရီမိုင်းနပ်နှင့် အနည်းငယ်ဆင်တူနေသော အနက်ရောင်လွယ်အိတ်ကလေးကို တစောင်းလွယ်ထားလေ၏။ဘေးမှာ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေပါသည်။မဟာရပ်ဝန်း စိတ်လေသွားပြီး ခပ်တိုးတိုး ဆဲရေးလိုက်ရင်း-
"ကာပယ် ဖိနပ်တစ်ရံကြိုဝယ်ထားလို့ရပြီ ငါ့ကောင်ရေ။မင်းဘက်ကို ပိုပိုသာသာလေး နင်းနေတာ"
"ညနေကျရင် ထမင်းဝယ်ကျွေးမယ် ဟေ့ကောင်"
ထူးထူးခြားခြား ထမင်းဝယ်ကျွေးမည်ဟု ပြောလာသည့်သူကို နှာမှုတ်ရင်းကြည့်လိုက်တော့ မှိုရထားသည့်မျက်နှာပေးနှင့်။ဒီဂရီမိုင်းနပ်ဟာ တော်ဝင်မိသားစုကလွဲပြီး ပြင်ပလူတွေနဲ့ ထမင်းလက်စုံစားတာ မရှိသလောက်နည်းသည်။သူဂုဏ်တောင်ယူရမလိုဖြစ်နေပါ၏။
"မနက်ဖြန် White Day ။ဘာပေးရမလဲဆိုတာကို ငါ ကူစဉ်းစားပေးမယ်။မင်းကို ကြည့်နေရတာ ငါပါ အားပျက်လာတယ်။ငါမှ ရွက်မလွှင့်ရင် မင်းတို့ သင်္ဘောက ထွက်မှာ မဟုတ်ဘူး"
"ငါ ဘိုကင်တင်ထားတဲ့ဆိုင်ကိုပဲ တစ်ခါတည်းလိုက်ခဲ့လေ။မဟုတ်ရင် ငါ အချိန်ရမှာ မဟုတ်ဘူး"
"ကဗျာဆန်တဲ့လူတွေက လက်တွေ့မှာ တကယ့်ကို နုံအတာပဲ ငါ့ကောင်ရယ်။မင်း ဘိုကင်လုပ်ထားတဲ့ ဆိုင်ကို လိုက်ပြီး ငါကချောကလက်ထုတ်ရမှာလားကွာ။ဒီညနေ ခဏလောက် အချိန်ပြောင်းလိုက်"
