Chapter-7

136 34 11
                                    

“ထ”
သေမင်း၏ အသံတွင် ခံစားချက်စိုးစဉ်းမျှ ပါ၀င်နေခြင်း မရှိချေ။

“မထချင်ဘူး”
ကောင်ငယ်လေးကလည်း ထင်ထားတာထက် အရေထူနေသေးသည်။

သေမင်းက လက်ညှိုးတစ်ချောင်းထဲသာ ထုတ်လာ၍ ချီကျားယန်၏ နဖူးပြင်အား တို့ထိလာခဲ့ပြီး နံဘေးနားသို့ တွန်းပို့လာခဲ့သည်။ မျက်နှာဖုံး၏အောက်မှာ ရှိနေမည့် မျက်နှာထားကတော့ သေချာပေါက် “ရွံရှာစက်ဆုပ်” ဆိုသည့် စကားလုံးများကို ရေးသားခြယ်ပြနေမလား ပြောမရနိုင်။

ချီကျားယန် အသက် ၁၃ နှစ်တောင် ရောက်နေပါပြီ…
သူမကြားဖူး မကြုံဖူးသေးတဲ့ အတင်းအဖျင်းစကားသံတွေ ရွံရှာစက်ဆုပ်ရင်း ရှောင်ဖယ်သွားကြတာတွေဆိုတာ မရှိသလောက်။

သူ့အကျင့်စရိုက်ကိုက ကောင်းကင်ဘုံရဲ့ အမျက်တော်ရှအပ်ဖွယ် ဂြိုဟ်မွှေထိုးကောင် ပုံစံမျိုးမို့
လူတွေက သူ့ဆိုရင်ကို ပလိပ်ရောဂါ တစ်ခုအလား ရှောင်ကွင်းသွားတတ်ကြသည်။

ရုတ်တရက်ပါပဲ သူ့အဆင့်အတန်းက ဘယ်လိုအနေအထားမျိုးမှာ ရှိနေတယ်ဆိုတာကို ပြန်အမှတ်ရမိသွားပြီးနောက် စိတ်လိုက်မာန်ပါ ပြုလိုက်မိတဲ့ မိမိလုပ်ရပ်များအပေါ် ချီကျားယန်လည်း အရှက်ရမိသွားခဲ့တော့သည်။ မျက်နှာကြီးတစ်ခုလုံး လောင်ကျွမ်းပူထူလာခဲ့ရ၏။

“တောင်းပန်ပါတယ်…..”
ချီကျားယန်က အသံ ခပ်ရှရှဖြင့် တောင်းပန်စကားဆိုလာခဲ့သည်။

ယခုလေးတင် သူ၏ ထိန်းမနိုင် သိမ်းမရ ဂျစ်တူးမိလိုက်သည့် လုပ်ရပ်သည်ကား ပက်ကျိတစ်ကောင်၏ ဦးမှင်လေးများအလား မျက်စိတစ်မှိတ်အတွင်းမှာ အခွံထဲသို့ ပြန်တိုးလျှိုး၀င်ရောက် ပျောက်ကွယ်သွားတော့၏။

သေမင်းမှာမူ တစ်ခုခု ချွတ်ချော်လာတာကို သတိထားမိပုံမရချေ။ ဘယ်လိုပဲပြောပြော သူ ချီကျားယန်ကို နောက်ဆုံးတစ်ခေါက် တွေ့ထားတုန်းက ချီကျားယန်ဆိုတာ ဘာမှ မသိနားမလည်သေးတဲ့ ငါးနှစ်သားအရွယ် တက်ကြွပျော်မြူး‌နေတဲ့ ဖက်ထုပ်လေးပဲ ရှိသေးတာကိုး……

ချီကျားယန်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်ကသိကအောက်ဖြစ်နေခဲ့လေသည်။ သူ ဘာမှ ဆက်မပြောနိုင်သေးခင်မှာ ၎င်းတို့ရပ်နေရာအနားရှိ
သစ်ကိုင်းကြီးများကြားမှ အမည်းရောင် ဝံပုလွေကြီးတစ်ကောင်က ဆင်းသက်လာခဲ့သည်။
မင်ရည်အရောင်လိုမျိုး မည်းနက်နေသည့် ဝံပုလွေကြီးကား ၎င်း၏ ပါးစပ်ထဲတွင် ငှက်တစ်ကောင်ကို ကိုက်ထားခဲ့၏။ မေးရိုးကြီးကို ချဲ့လိုက်သည့်အခါ သနားစ‌ဖွယ် ငှက်ငယ်လေးမှာ ၎င်း၏ အာခံတွင်းထဲသို့ ကျရောက်သွားခဲ့ရတော့သည်။

သေမင်းနှင့် ချစ်ကျွမ်း၀င်ခြင်း [MM Translation]Where stories live. Discover now