သေမင်းက နေရာမှာ ရပ်ကျန်ရစ်နေခဲ့ရင်း အတွေး၀င်္ကပါထဲ၌ ခေတ္တမျှ လမ်းပျောက်နေခဲ့တော့သည်။
ခေတ္တအကြာမှာ ချီကျားယန်တစ်ယောက် လှုပ်ရှားမှုတို့ ဥဿုံမရှိတော့တာကို သတိထားမိသွားခဲ့၏။ သူငုံ့ကြည့်လိုက်သည့်အခါ ကလေးငယ်မှာ ကြမ်းပြင်ထက် သတိမေ့ နေခဲ့လေပြီ။
သူပြောသွားတဲ့ အနာဂတ်မှာ ကိစ္စတွေက ပြောင်းလဲကုန်ပြီဆိုတာ ဘာအဓိပ္ပါယ်လဲ? ချီကျားယန်ရဲ့ ဖြစ်တည်မှုကို ဘာကြောင့် ကြိုပြီး ဖျောက်ဖျက်ထားဖို့ လိုတာလဲ?
သေမင်းအနေနဲ့ အတိတ်ကိုပဲ ခုန်ကူးလာလို့ရတာဖြစ်ပြီး အနာဂတ်ကိုမူ ခုန်ကျော်မသွားနိုင်ချေ။ ယခု သူ့ထံတွင်ရှိနေသည့် မေးခွန်းများ၏ အဖြေကို ရှာကြည့်ဖို့ နည်းလမ်းကား မရှိ။
သူ ချီကျားယန်အား ချီပွေ့လိုက်ပြီး အိပ်ခန်းထဲက ကုတင်ပေါ်တွင် အသာအယာ ချပေးထားလိုက်သည်။
ကြောင်အမည်းလုံးလေးက နောက်ကလိုက်ပါလာပြီး ကုတင်ပေါ်ခုန်တက်လာကာ ခေါင်းအုံးဘေးတွင် ၎င်းအိပ်ဖို့နေရာရှာလျက် သက်တောင့်သက်သာ လဲလျောင်းတော့သည်။
ထိုနေရာက သူ့အပိုင်လား မသဲကွဲစွာ အရမ်းကိုမှ အသားတကျဖြစ်စွာဖြင့် ၎င်းက ၀မ်းဗိုက်မှောက်အိပ်တော့၏။သေမင်းမှာ ချီကျားယန်၏ လည်ပင်းထက်က ပြာနှမ်းနေသည့် လက်ချောင်းရာများကို မျက်နှာအမူအရာကင်းမဲ့လျက် ကြည့်နေခဲ့လိုက်သည်။
ထိုအချိန်တွင် အိပ်ရာဘေး၌ အထပ်လိုက်ပုံထားသည့် စာရွက်ပုံကြီးအား သေမင်းလည်း သတိထားမိသွားခဲ့၏။
တစ်ရွက်ချင်းစီတိုင်းမှာ ရုပ်ပုံများ ခြယ်သရေးဆွဲထား၍ ပုံပါအကြောင်းအရာများမှာ လူသတ်မြင်ကွင်းများ ဖြစ်နေကြသည်။
ခန့်မှန်းလို့မလွဲနိုင်သည်ကတော့ ပုံထဲရှိ အဓိက ဇာတ်ကောင်တိုင်းမှာ ချီကျားယန်သာ ဖြစ်နေလေသည်။ချီကျားယန် အသက် ငါးနှစ် ခြောက်နှစ်သားအရွယ် ပုံစံလေးအား မကောင်းဆိုးဝါးများက ဝိုင်း သတ်ပုတ်နေကြ၍ သွေးများ ရဲရဲတောက်နေသည့် မြင်ကွင်းများ။
အသက်နည်းနည်းလေး ကြီးလာပုံရသည့် ခန္ဓာကိုယ်ကို တစ္ဆေသရဲများ ၀န်းရံနေကြသည့် ပုံ။
YOU ARE READING
သေမင်းနှင့် ချစ်ကျွမ်း၀င်ခြင်း [MM Translation]
HorrorAuthor: 微风几许 Total Chapters: 45 All credits go to original creator