ခေါက်ဆွဲဘူးတစ်ဘူးလုံး ပြောင်စင်အောင် စားပြီးသွားသောအခါ ချီကျားယန်၏ နှာခေါင်းထိပ်ကလေးများ ချွေးစိုလာကြ၏။
သူ၏ ပိန်လျလျ မျက်နှာမှာလည်း နီရဲတွတ်လျက်......
သို့သော် အကြောင်းအရင်းမှာ ခေါက်ဆွဲဘူးအပူကြောင့်ပဲလား သည့်အရင်ရှေ့က အဖြစ်ပျက်ကြောင့်ပဲလား မသဲကွဲပါချေ။လင်းရှောင်လည်း နှစ်လုပ်မျှ စားကြည့်လိုက်၏။ သို့သော် သူ့အစာအိမ်နှင့် အစပ်အဟပ်မတည့်သည့်အတွက် ခက်ရင်းအား ပြန်ချထားလိုက်ပြီး ဘူးကိုလည်း ရှေ့သို့ အနည်းငယ် တွန်းဖယ်လိုက််တော့သည်။
အခန်းတွင်းရှိ သေဆုံးခြင်း အခိုးအငွေ့များ ပိုမို ထူထပ်လာခြင်းမှာ သေမင်းတစ်ယောက် စိတ်အခြေအနေ မကောင်းတော့သောကြောင့်လည်း ပါပေသည်။ သူ့အနေဖြင့် သေမင်းတစ်ယောက်ဘဝနဲ့ နေထိုင်လာသည်မှာ နှစ်ပေါင်းထောင်နှင့်ချီ ကြာမြင့်လှပြီဆိုသော်လည်း ယခုကဲ့သို့ ဆိုးရွားလှသည့် အစားအသောက်မျိုးဖြင့် နှိပ်စက်ခံရလိမ့်မည်ဟု တွေးမထားကြည့်ခဲ့ဖူးပေ။
"ကိုကို....စားလို့မကောင်းဘူးလား"
ချီကျားယန်လည်း မေးကြည့်လိုက်ရသည်။"အင်း"
လင်းရှောင်မှာ စားထားသမျှ ပြန်ထိုးအန်ချင််စိတ်ဖြင့်။မထင်မှတ်ထားစွာ ချီကျားယန်မှာ သူတစ်ဝက်တစ်ပျက် စားထားပြီးသား ခေါက်ဆွဲဘူးအား ဆွဲယူသွားခဲ့ပြီးနောက် တစ်စက်ကလေးမှ ဂရုမထားဘဲ မွှေနှောက်၍ ကူစားပေးတော့မလို လုပ်လာခဲ့သည်။
လင်းရှောင်လည်း ရုတ်တရက် ထိုသူ၏လက်ကောက်ဝတ်အား လှမ်းဖမ်းထားလိုက်မိ၏။
သေမင်းတစ်ယောက်အနေဖြင့် လင်းရှောင်၏ ကိုယ်အပူချိန်မှာ သာမန်လူတစ်ယောက်နှင့် ယှဉ်သော် ပို၍ နိမ့်ကျနေခဲ့ပေသည်.။
မျက်နှာဖုံးဝတ်ထားဆဲသာ ဆိုပါက သူလိုလူမျိုးနှင့် ထိတွေ့ဆက်ဆံရသူတိုင်း ကြက်သီးပြိုင်းပြိုင်း ထသွားနိုင်လောက်သည် အနေအထား။ယခုမူ အစားအသောက် စားနေသည်ဖြစ်၍ မျက်နှာဖုံး ချွတ်ထားသည့်အတွက် ကိုယ်အပူချိန်လည်း အနည်းငယ် ပြန်တက်လာပေသည်။ ချီကျားယန်နှင့် အသားချင်း ထိတွေ့သွားမိသည့်အခါ ခံစားချက်သည်ကား အေးစက်စက် ကျောက်စိမ်းတုံးတစ်တုံးကို ထိကိုင်လိုက်မိသည့်နှယ်။
YOU ARE READING
သေမင်းနှင့် ချစ်ကျွမ်း၀င်ခြင်း [MM Translation]
HorrorAuthor: 微风几许 Total Chapters: 45 All credits go to original creator