Chapter 112
ရှန်းလျိုရှန့်က သူ့ကိုချော့မော့ပြီးသည်နှင့် ရေတစ်ခွက်ကမ်းပေးလိုက်သည်။
" ရေသောက်လိုက်ပါဦး... ငါမင်းကို ပြောစရာတစ်ခု ရှိသေးတယ်..."ရှုရှင်းချန်က ရေတစ်ငုံသောက်လိုက်သည်။
" ဘာများလဲ..."ရှန်းလျိုရှန့် : "ငါ့ကိစ္စတော့ ပြီးသွားပြီ..."
ရှုရှင်းချန် ခဏတွေးလိုက်ပြီးသည့်နောက် သူ့ပါးစပ်ထဲမှရေများကို ထွေးထုတ်မိမတတ်ဖြစ်သွားသည်။ ရေကို မျိုချပြီးလိုက်သောအခါ ရေသီးသွား၍ ချောင်းဆိုးတော့သည်။
ရှန်းလျိုရှန့်က သူ့ကို ပိုးလက်ကိုင်ပဝါတစ်ထည်ကမ်းပေးလိုက်သည့်အခါ သူက ပါးစပ်ထောင့်ကိုသုတ်လိုက်သည်။ နဝမနတ်ဆိုးဘုရင်က ဉာဏ်များပြီး ကိုင်တွယ်ရ မလွယ်ကူသူဟု ပြောလိုသော်လည်း သူ့ရှေ့မှလူ၏ ဝမ်းသာအားရဖြစ်နေသောအပြုံးကို မြင်လိုက်ရသည့်အခါ သူ့စကားများကို ပြန်မျိုချထားလိုက်ပြီး ပြောလာသည်။
" ဒါဆိုရင်လည်း ကျွန်တော်နဲ့အတူ သုံးဘဝကျောက်တုံး ရှိတဲ့နေရာကိုလိုက်ခဲ့ပြီး သူက ခင်ဗျားရဲ့အချစ်စစ်ဟုတ်မဟုတ် သွားကြည့်ရအောင်..."
နန်းတွင်းထဲတွင် ထိုကျောက်တုံးရှိသည့်အကြောင်းကို ရှုရှင်းချန်သိသည်။ သူ တစ်ကြိမ်မှ မစမ်းကြည့်ခဲ့ဖူးသော်လည်း သုံးဘဝကျောက်တုံးက အလွန်တိကျမှန်ကန်သည်ဟု နန်းတွင်းထဲတွင် နေထိုင်သူများပြောသည်ကို ကြားဖူးသည်။
အကယ်၍ ရှန်းလျိုရှန့်၏အချစ်စစ်က ကျိုးရွှမ်လန် ဖြစ်မနေခဲ့ပါက သူ့ကို အမှားမပြုလုပ်မိအောင် တားရတော့မည်ဖြစ်သည်။
ရှန်းလျိုရှန့် : " မလိုတော့ပါဘူး... သုံးဘဝကျောက်တုံးက မမှန်ဘူး..."
" ဟုတ်လား..."
ရှုရှင်းချန်က သံသယမကင်းဟန်ဖြင့် မျက်လုံးများမှေးကျဉ်းလိုက်သည်။" ဘာလို့လဲ ခင်ဗျားသွားစမ်းကြည့်တော့ ပေါ်လာတဲ့လူက ကျိုးရွှမ်လန် မဟုတ်လို့လား..."
ရှန်းလျိုရှန့် ငြိမ်ကျသွားသည်။
သူ့ပုံစံကိုမြင်သည့်အခါ ရှုရှင်းချန်က စိတ်လှုပ်ရှားလာသည်။
" သူ မဟုတ်ဘူးဆိုရင်... ပေလွင်ဓားဂိုဏ်းက ဓားသခင်ယဲ့ပင်းရန်ဆိုတဲ့သူလား..."