'10'

332 46 8
                                    

Beyond The Hidden Castle Walls - 10

"နံရံတွေရဲ့ အလွန်" ဆိုတဲ့ စကားစုကို လူတွေမြင်ရင် တစ်ယောက်နဲ့ တစ်ယောက် တွေးတောပုံခြင်း မတူမှာ အသေအချာပဲ။

ပြည်မကြီးမှာ ရှိတဲ့ The Great Wall ကို ပြေးမြင်မဲ့ လူ၊ သာမန် နံရံရဲ့ အခြားတစ်ဖက်လို့ တွေးမဲ့လူ၊ နည်းနည်း စိတ်ကူးယဉ် ဆန်တတ်တဲ့ လူတွေကတော့ နံရံတွေရဲ့ အလွန်ဆိုတာ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖုံးကွယ်ထားတဲ့နေရာ...။

ဒါပေမဲ့ "နံရံတွေရဲ့ အလွန်" ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို လူတွေ မသိအောင် ပိတ်ကာထားတယ်ဆိုတဲ့ အဓိပ္ပာယ်လို့ မြင်မဲ့ လူတွေလည်း သေချာပေါက်ရှိနေမှာပဲ။

ချွမ်းရွေ့ကတော့ အသေပိတ်ထားတဲ့ ပြတင်းတံခါးကနေ လှမ်းမြင်နေရတဲ့ နံရံတံတိုင်း ကို ကြည့်ရင်း သက်ပြင်းမောတစ်ခု မသိမသာ ချလိုက်မိပါရဲ့။ နံရံတံတိုင်းရဲ့ သူရှိနေတဲ့ အခြမ်းမှာ မြောက်မြားစွာသော အိုမီဂါတွေရဲ့ အသက်တွေ၊ အဲသည်နံရံအလွန်မှာတော့ သူပထမဆုံး နှလုံးသား တံခါးကို ဖွင့်ဟပေးခဲ့တဲ့ လူရှိနေလိမ့်မည်။ နောက်တော့ အကိုနဲ့ ခဲအို။ နောက်တော့...။

တကယ်လို့ ဂယူဘင်းဘက်ကနေ သည်ဘက် နံရံကို လှမ်းကြည့်ခဲ့ရင် ဘာတွေများ တွေးနေလောက်မလဲ။ သူသိချင်မိပါရဲ့။ သူ့ကို တွေးပါ့မလား။ ညီမဖြစ်သူနဲ့တော့ မယှဉ်သင့်တာ အမှန်ပေမဲ့ လောဘကြီးတတ်တဲ့ စိတ်ကလည်း လူ့စိတ်ရဲ့ သဘာဝတစ်ခုပဲမို့လို့ ချွမ်းရွေ့လည်း မလွန်ဆန်နိုင်။

"ပွဲတော်စတော့မှာမို့လို့ ပြင်ဆင်ပေးဖို့ ရောက်လာတာပါ..."

ဘီတာအမျိုးသမီး အုပ်စုတစ်စု။

ချွမ်းရွေ့တို့က အမြင့်ဆုံးအလွာက လူတွေမို့လို့ ယခုလို ပြင်ဆင်ပေးမည့် လူရှိနေတာပင်။ ဒါပေမဲ့ သည်လို တည်ရှိနေမှုက ပျော်စရာတစ်ခုတော့ မဟုတ်။

ချွမ်းရွေ့က ပြင်ဆင်ပေးမှုဆိုတာကို လက်မခံလို။ သို့ပေမဲ့ အရှေ့က လူနှစ်ယောက်ရဲ့ အသက်နဲ့ ခြိမ်းခြောက်ခံရသည့် အခါ လက်ခံရတော့သည်။

ပြင်ဆင်ပေးမှုဆိုသည်မှာ အခြားတော့ မဟုတ်။ ရေချိုးသန့်စင်ပေးခြင်းနှင့် အဆင်တန်ဆာ ဝတ်ဆင်ပေးခြင်းတို့သာ ဖြစ်သည်။ သူတို့ဟာ သွေးဆာနေသည့် အရိုင်းကောင်တွေဆီ ဆက်သခံရသည့် သားကောင်ငယ်တွေလို။

Beyond The Hidden Castle WallsWhere stories live. Discover now